ထိုင်း ဒူးရင်းသီး တရုတ်တင်ပို့မှု ဒေါ်လာ ဘီလျံနဲ့ချီတဲ့ စျေးကွက်ကြီးဖြစ်လာ

ထိုင်းကနေ တရုတ်နိုင်ငံကို ဒူးရင်းသီး တင်ပို့မှုဟာ စံချိန်တင်မြင့် တက်လာတာကြောင့် ဒေါ်လာဘီလျံချီ တန်ကြေးရှိလာပြီး ထိုင်းဒူးရင်းစိုက်တောင်သူ တွေ ဝင်ငွေကောင်းနေတယ်လို့ တရုတ် CCTV သတင်းက ဖော်ပြပါတယ်။

၂၀၂၃ တုန်းက အရှေ့တောင်အာရှကနေ တရုတ်ကို ဒူးရင်းတင်ပို့မှုဟာ ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံအထိ ရှိခဲ့ပြီး ၅ နှစ်အတွင်း ၁၂ ဆ ပိုများလာတယ်လို့ ဆိုပါတယ်။

ဒီနှစ်မှာတော့ နှစ်တဝက်ပဲရှိသေးတဲ့အချိန်မှာတောင် ထိုင်းတနိုင်ငံတည်းကတင် တရုတ်ကို ဒူးရင်းတင်ပို့တဲ့ပမာဏဟာ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံတောင်ရှိပြီလို့ ဆိုပါတယ်။

အဓိကအားဖြင့် တင်ပို့တဲ့ လမ်းကြောင်းတွေ မြန်ဆန်လာတာနဲ့ ဒူးရင်းသီးသီးကို လတ်လတ် ဆတ်ဆတ်အတိုင်း ကြာရှည်ခံအောင် အေးခဲတဲ့ နည်းပညာတွေ သုံးလာနိုင်တာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

ဂရိတ်အေ အဆင့် ဒူးရင်းသီးတွေကို မတင်ပို့မီ အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်အထိ အေးခဲပစ်တဲ့ နည်းပညာကို အသုံးပြုတာဖြစ်ပါတယ်။

ဗီယက်နမ်လို ပြိုင်ဘက်တွေပေါ်လာပေမဲ့ အရည်အသွေးပိုကောင်းတယ်လို့ အများလက်ခံထားတဲ့ ထိုင်းဒူးရင်းကတော့ မျက်နှာပန်းအလှဆုံးဖြစ်နေပါတယ်။