သတ်မှတ်စျေးဖြင့် ရောင်းချတဲ့ ဆန်ဆိုင်နဲ့ ဆန်ပွဲရုံအချို့ ဆန်ညံ့တွေ ရောပြီး ရောင်းချ
သတ်မှတ်ရည်ညွှန်ဈေးနူန်းနဲ့ရောင်းချပေးတဲ့ ဆန်တွေထဲမှာ ဆန်ဆိုင်နဲ့ဆန်ပွဲရုံအချို့က ထမင်းအဖြစ် ချက်ပြုတ်စားဖို့အတွက် အဆင့်မမှီတဲ့ အရည်အသွေးမကောင်းတဲ့ဆန်တွေကိုပါရောနှောရောင်းချပေး နေတယ်လို့ ဝယ်ယူစားသုံးသူတွေဆီက သိရပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းမှာ ဆန်ရည်ညွှန်းဈေးနဲ့ ရောင်းချပေးတဲ့ဆန်တွေထဲမှာ အရည်အသွေးမကောင်းတဲ့ ဆန်တွေအပြင် အဝါဖောက်ဆန်တွေကိုပါ ရောနှောရောင်းချပေးနေတယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။
” ဆန်တပြည်ဝယ်တာ ၃၀၀၀ နဲ့ရောင်းတဲ့ဆန်က ဘာဆန်မှန်းကိုမသိဘူး။ ထုတ်ပြီးသားပေးတာ။ ဝယ်လာတဲ့ဆန်တပြည်ကို ပထမသုံးလုံးချက်တယ်။ လွှင့်ပစ်ရတယ်။နောက်သုံးလုံးထပ်ချက်တော့လည်း ပျော့စိစိကြီး ” လို့ ပဲခူးအနောက်ခြမ်း စားသုံးသူ တယောက်က ပြောပြပါတယ်။
သတ်မှတ် ဆန်ရည်ညွှန်းဈေးအတိုင်း ဧည့်မထ ဆန်တပြည် ၃၀၀၀ ၊ ပေါ်ဆန်းတပြည် ၅၀၀၀ နဲ့ရောင်းချပေးနေတဲ့ ဆန်စက်၊ ဆန်ပွဲရုံ၊ ဆန်ဆိုင်အများစုက ထုတ်ထားပြီး ဆန်တွေကို ရောင်းချပေးတာဖြစ်ပြီး စားသုံးသူများတဲ့ ဆန်ကြမ်းအုပ်စုဝင် ဆန်တိုင်း၊ ရွှေဘိုပေါ်ဆန်းအားလုံးကို ရောင်းချပေးတာ မဟုတ်ဘူးလို့လည်း သိရပါတယ်။
သတ်မှတ်ဆန်ဈေးနဲ့ မရောင်းချပါက ဆန်ကုန်သည်၊ ဆန်စက်တွေ၊ ဆန်ပွဲရုံ၊ ဆန်ဆိုင်တွေကို ပိတ်သိမ်းတာ၊ ဖမ်းဆီးအရေးယူတာ စစ်ဆေးမှုတွေဆက်တိုက်ပြုလုပ်တာကြောင့် ဆန်ရည်ညွှန်းဈေးနဲ့ ရောင်းချပေးကြောင်း ဆိုင်းဘုတ်ချိတ်ထားပြီး ကုန်သည်အချို့က ဆန်ကို ရောနှောရောင်းချလာကြတာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
အခြေခံ လူတန်းစားတွေ ဆန်တပြည် ၃၀၀၀ ကျပ်နဲ့ ခုချိန်ထိ လက်လှမ်းမှီဝယ်ယူနိုင်ခြင်းမရှိသေးတာနဲ့ သတ်မှတ်ဆန်ရည်ညွှန်းစျေးနဲ့ဝယ်ယူရရှိတဲ့ ဆန်အချို့မှာကျလည်း အရည်အသွေးမကောင်းတဲ့ဆန်တွေ ရောနှောရောင်းချလို့ စားသုံးသူတွေအဆင်မပြေဖြစ်နေတဲ့အပေါ် ဝေဖန်မှုတွေမြင့်တက်နေပါတယ်။
မြန်မာနိုင်ဆန်စပါးအဖွဲ့ချုပ် MRF ကတော့ ဆန်ဈေးနူန်းကျပြီးတည်ငြိမ်သွားပါက ဆန်ရောရောင်းချတာတွေ ပျောက်သွားနိုင်တယ်လို့ ဆိုပါတယ်။
