Special Account ရှိ အပ်နှံငွေသား ထုတ်ယူမှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတဲ့ ဗဟိုဘဏ်

ဘဏ်များတွင် ငွေအပ်နှံထားသူများအနေဖြင့် Special Account ရှိ အပ်နှံငွေသားပမာဏအား အကန့်အသတ်မရှိ ထုတ်ယူနိုင်ကြောင်း ဗဟိုဘဏ် ၏ ထုတ်ပြန်ချက်အရ သိရသည်။

စီးပွားရေးလုပ်ငန်းများ/ အဖွဲ့အစည်းများက ဘဏ်များတွင် ငွေသားအပ်နှံထည့်သွင်းထားသော Special Account များမှ ငွေသားထုတ်ယူရန်အတွက် ကန့်သတ်ထားခြင်း မရှိဘဲ အကန့်အသတ်မရှိ ထုတ်ယူနိုင်ကြောင်း ဗဟိုဘဏ်က အသိပေးလာခြင်း ဖြစ်သည်။

“ ဥပမာ- special account ဖြစ်ပါက ငွေသားထည့်သွင်းခဲ့သည့် ပမာဏအတိုင်း ထုတ်ယူခွင့်ပြုထားပါတယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြားသည်။

ယင်းအပြင် ဒီဂျစ်တယ်နည်းလမ်းများ အသုံးပြုပြီးငွေကြေး လွှဲပြောင်းမှုများ၊ သုံးစွဲမှုများကို ပိုမိုတိုးတက် အောင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုသည် ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြားသည်။

ထိုသို့ ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသော်လည်း လက်တွေ့တွင် ထုတ်ယူ၍မရဘဲ Special Account တစ်ရက်ကို သိန်း ၂၀ ထုတ်ခွင့်ပေးကာ အကောင့်ဟောင်းဆိုရင် တစ်ပါတ်မှ ၁၀ သိန်းပဲ ထုတ်လို့ရကြောင်း စီးပွားရေးလုပ်ငန်းရှင်များက မှတ်ချက်ပေးသည်။

ဗဟိုဘဏ်အနေဖြင့် လူပုဂ္ဂိုလ်မှတဆင့် ရောင်းချသူကို ငွေပေးချေခြင်းအတွက် ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်းနှင့် တစ်ရက်လျှင် အများဆုံး ကျပ်သိန်း ၁၀၀ အထိ ဆောင်ရွက်ခွင့်ပြုထားကြောင်း၊ လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းအတွက် ဒီဂျစ်တယ်ငွေပေးချေမှုကို တစ်ကြိမ်လျှင် ကျပ် ၁၀ သိန်းနှင့် တစ်ရက်လျှင် အများဆုံး ကျပ်သိန်း ၅၀ အထိ ဆောင်ရွက်ခွင့်ရှိကြောင်း ဗဟိုဘဏ်ပြောကြားချက်အရ သိရသည်။