မန္တလေးမြို့နဲ့ တောင်ကြီးမြို့တို့မှာ အိမ်ငှားခတွေ အဆမတန် မြင့်တက်လာ
မန္တလေးမြို့သို့ စစ်ဘေးလာရောက် တိမ်းရှောင်သူဦးရေ များပြားလာခြင်းကြောင့် အိမ်ငှားခတွေ အဆမတန်မြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူများရဲ့ ပြောကြားချက်အရ သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေသည့်အတွက် ဒေသခံများသည် မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့သို့ စစ်ဘေးရှောင်မှုများ ရှိလာနေသည်။
” အိမ်ငှါးခတွေက အရင်ထက် နှစ်ဆလောက်မြင့်တက်လာတယ်။ တချို့ကျတော့ ဘုန်းကြီးကျောင်းမှာနေကြတယ်။ တိုက်ခန်းတွေငှါးတဲ့ သူတွေလည်းများလာတယ်။ တချို့ဆို ဈေးတွေကိုမြှင့်လိုက်တာ။ ငှါးတဲ့သူများလာလို့”ဟု မန္တလေးမြို့ရှိအိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူတစ်ဦးကပြောသည်။
ယင်းကဲ့သို့ စစ်ဘေးရှောင်များ များပြားလာသည်နှင့်အမျှ မန္တလေးအိမ်ခြံမြေဈေးကွက်အတွင်း အငှားဈေးကွက်ပိုဖြစ်နေပြီး ဈေးနှုန်းသည်လည်း အဆမတန်မြင့်တက်လာကြောင်း သိရသည်။
ပြီးခဲ့တဲ့ လတွေအတွင်း ရန်ကုန်မှာလည်း တိုက်ပွဲရှောင်သူ များပြားလာခြင်းကြောင့် တိုက်ခန်းငှားခများ ဆက်တိုက်မြင့်တက်လာနေခဲ့သည်။ လက်တလောမှာ စစ်ပွဲဖြစ်ပွားရာ ဒေသမှ ရွှေ့ပြောင်းလာသူများသည် ရန်ကုန်၊ မန္တလေးအပြင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့လည်း ဝင်ရောက်လာနေကြသည်။
စစ်ပွဲရှောင်ဦးရေ များပြားလွန်းနေတာမို့ အငှားစျေးကွက်ကို သိသိသာသာ သက်ရောက်လာနေပြီး စျေးသက်သာတဲ့ နေအိမ်နဲ့ အခန်းများ အလွတ်မရှိသလောက် အခြေအနေလို့ အကျိုးဆောင်လုပ်နေသူတွေက ပြောဆိုလာကြသည်။
