ဂိုးသမား ဒွမ်နာယာမာ၊ အဲဗာရက်စ် အတွက် ပြောင်းရွှေ့ကြေး၊ တစ်ရာသီလုံး ဝတ်မယ့် ချန်ပီယံ တံဆိပ်နဲ့ မန်စီးတီး ထူးခြား သတင်းများ

တိုက်စစ်မှုး အဲဗာရက်စ်အတွက် မန်စီးတီးဘက်က ယူရို သန်း ၇၀ + ယူရို သန်း ၂၀ ထိ ပြောင်းရွှေ့ကြေး ရလိုနေပါတယ်။

ဂိုးသမား အီဒါဆန် က ဆော်ဒီဘက်နဲ့ ချိတ်ဆက်မှုတွေ ရှိနေတာကြောင့် မန်စီးတီးအသင်းဟာ ပီအက်စ်ဂျီ ဂိုးသမား ဒွမ်နာယာမာကို ပစ်မှတ်ထားလာပါတယ်။

မန်ချက်စတာ စီးတီး အသင်းဟာ လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီ တလျောက်လုံးမှာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ ရင်ဘတ်တံဆိပ်ကို ဝတ်ဆင်ကစားခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ မန်စီးတီး ကို အဆိုပါ တံဆိပ် ဝတ်ဆင်ကစားဖို့ ခွင့်ပြုထားသလို ပုံမှန် ဒီဇင်ဘာ-ဇန်နဝါရီမှာ ကျင်းပနေတဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာလည်း ၂၀၂၅ ဇွန်လ ကို ရွှေ့ပြောင်း ကျင်းပမှာ ဖြစ်တာကြောင့် ချန်ပီယံသစ် ပေါ်ဖို့ ရာသီကုန်အထိ ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ချန်ပီယံသစ် မပေါ်မချင်း ဝတ်ဆင်နိုင်တဲ့ အဆိုပါ ကမ္ဘာ့ ချန်ပီယံလိုဂိုကို မန်စီးတီး တို့ အခုရာသီ တလျောက် လုံး ဝတ်ဆင်ကစားသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဆော်ဒီကလပ် အယ်လ်အီတီဟတ်ဟာ မန်စီးတီး အသင်းဂိုးသမား အီဒါဆန်ကို ပေါင် သန်း ၅၀ ဝန်းကျင် နဲ့ ခေါ်ယူဖို့ နီးစပ်နေကြောင်း သတင်းရရှိပါတယ်။

လာမယ့် ရာသီ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဆု ကို စိန်ခေါ်နိုင်တာက မန်ချက်စတာ ယူနိုက်တက် ဖြစ်မယ် လို့ လီဗာပူး ကွင်းလယ်ဟောင်း ဒီဒီ ဟာမန်းက သုံးသပ်လိုက်ပါတယ်။