ကာလကြာအပြီး ပထမဆုံးပြန်ထိုးမယ့် ONE ပွဲအတွက် အောင်လအန်ဆန်ရဲ့ ကတိစကား
မြန်မာ နာမည်ကြီး MMA ဖိုက်တာ အောင်လအန်ဆန်က ONE ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်ချန်ပီယံနဲ့ ထိုးမယ့်ပွဲကို အာရုံစိုက်ထားခြင်း မရှိဘူးလို့ ပြောလာပါတယ်။
The AllStar မီဒီယာနဲ့ အွန်လိုင်းတွေ့ဆုံမှုမှာ အောင်လအန်ဆန်ကပဲ မစ်ဒယ်ဝိတ်ချန်ပီယံ ရုရှားဖိုက်တာ အန်တိုနီမာလီခင်နဲ့ တွေ့ဆုံရမည့်ပွဲထက် အရင်ထိုးရမယ့် ရှာမေးလ်အာဒိုဂန်နဲ့ ပွဲကိုပဲ အာရုံစိုက်နေကာ အကောင်းဆုံး စွမ်းဆောင်ပြပါမယ်လို့ ပရိသတ်တွေကို ကတိပေးလာပါတယ်။
၂၀၂၄ နှစ်စမှာ အောင်လအန်ဆန်နဲ့ ONE Championship တို့ဟာ ၆ ပွဲထိုးသတ်ဖို့ စာချုပ်ချုပ်ထားပြီး ဒီနှစ်ထဲမှာ ၃ ပွဲ ထိုးရမှာဖြစ်ပါတယ်။
အောင်လအန်ဆန်က ” ချန်ပီယံခါးပတ် ပြန်ရယူဖို့က ကျွန်တော်ရဲ့ နံပါတ် ၁ ပစ်မှတ်ပါ။ ဒါပေမဲ့ အနာဂတ်နဲ့ပတ်သက်လို့ ကျွန်တော် သိပ်ဂရုမစိုက်တော့ဘူး။ ကျွန်တော် တစ်ဆင့်ချင်းစီပဲ သွားမှာပါ။ အခုလည်း စက်တင်ဘာ ၆ ရက်ပွဲအတွက် အာရုံစိုက်ထားပါတယ်။
အကောင်းဆုံးစွမ်းဆောင်ပြနိုင်အောင် လုပ်ပြမယ်။ ကျန်တာတွေ မစဉ်းစားတော့ဘူး။ ရှာမေးလ်က ဖိုက်တာပါ။ မြန်လည်းမြန်သလို ဖိုက်တာကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီပွဲက လွယ်ကူမှာ မဟုတ်ပါဘူး ” ဟု ပြောကြားခဲ့ပါတယ်။
ONE Championship ရဲ့ ONE 168 ပြိုင်ပွဲကို လာမယ့် စက်တင်ဘာ ၆ ရက်တွင် အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
အဆိုပါပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်တန်းမှာတော့ အောင်လအန်ဆန်နှင့် တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်တို့ စိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။
