ကိုလံဘီယာ၊ အီရတ်တို့ကို ကျော်ပြီး ကမ္ဘာ့ရာဇဝတ်မှုဖြစ်ပွားမှုနှုန်း အမြင့်ဆုံး နံပါတ် ၁ နေရာ မြန်မာနိုင်ငံ ရောက်ရှိ

ကမ္ဘာပေါ်မှာ ရာဇဝတ်မှုဖြစ်ပွားမှုနှုန်း အမြင့်ဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းကို ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှု အညွှန်းကိန်းအဖွဲ့အစည်း Global Organization Crime Index က ဇူလိုင် ၁၆ ရက်က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံက နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အကြီးမားဆုံး တောင်အမေရိက နိုင်ငံဖြစ်တဲ့ ကိုလံဘီယာ၊ ကလေးငယ်နဲ့ အမျိုးသမီး အခွင့်အရေးပိုင်း စိန်ခေါ်မှုကြီးတွေရှိတဲ့ အီရတ်တို့ကို ကျော်ပြီး ကမ္ဘာပေါ်မှာ ရာဇဝတ်မှုဖြစ်ပွားမှုနှုန်း အမြင့်ဆုံး နံပါတ် ၁ နေရာကို ရောက်ရှိသွားတာပါ။

နိုင်ငံတနိုင်ငံရဲ့ ရာဇဝတ်မှု ဖြစ်ပွားမှုနှုန်းကိုတော့ အဲဒီနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးစတဲ့ ပြဿနာမျိုးစုံကို ကြည့်ကာ တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။

ရာဇဝတ်မှု အမြင့်ဆုံးနိုင်ငံတွေမှာ နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုနဲ့ တခြား ရာဇဝတ်မှုပေါင်းများစွာကဲ့သို့သော အမျိုးမျိုးသော စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုအညွှန်းကိန်းအဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံဟာ ရာဇဝတ်မှုအညွှန်းကိန်း ၈ ဒသမ ၁၅ နဲ့ ကမ္ဘာပေါ်မှာ ရာဇဝတ်မှု ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေကာ လူမှောင်ခိုကူးမှုတွေနဲ့ လက်နက်ကုန်သွယ်မှုအပါအဝင် ရာဇဝတ်မှုဆိုင်ရာ ကြီးမားတဲ့ ဈေးကွက်ကြီးတခုအဖြစ် ရှိနေကြောင်း ဖော်ပြထားပါတယ်။

ဒါတင်မက ဒေသရင်း အပင်နဲ့ တိရစ္ဆာန်မျိုးစုံ တရားမဝင်ကုန်ကူးမှု ရာဇဝတ်မှုတွေကနေ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများအဆုံး တခြားရာဇဝတ်မှုဆိုင်ရာ မှတ်တမ်းတွေ များစွာရှိတယ်လို့လည်း ဆိုထားပါတယ်။