အိမ်ငှားခတွေ တစ်ဟုန်ထိုး တက်လာလို့ ငှားရမ်းခ ပေးပုံ ပြောင်းလဲလာတဲ့ ရန်ကုန် တိုက်ခန်းစျေးကွက်

ဒီနှစ်တွေအတွင်း အိမ်တိုက်ခန်း ငှားရမ်းခများ အဆမတန်မြင့်တက်လာခြင်းကြောင့် ယခုနောက်ပိုင်း ငှားရမ်းနေထိုင်သူများအနေဖြင့် တစ်လချင်းပေးလို့ရသည့် နေအိမ် တိုက်ခန်းများကိုသာ ပိုမိုရှာဖွေလာကြပါတယ်။

ယခင်က တိုက်ခန်းအငှားပုံစံဟာ ၆ လ ဒါမှမဟုတ် ၁ နှစ် ငှားရမ်းသူတွေအနေနဲ့ အဆိုပါကာလအတွက် ငှားရမ်းခကို တစ်လုံးတည်း ပေးချေကြရတာပါ။ လက်ရှိမှာတော့ စပေါ်တင်ပြီး တစ်လချင်း ပေးလို့ရမယ့် အခန်းတွေကို ပိုမို အလိုရှိလာကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အိမ်အခန်း ငှားရမ်းမှု စျေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းများကြောင့် ငှားရမ်းနေထိုင်သူများမှာ နီးစပ်ရာမိတ်ဆွေများနှင့် စုပေါင်းနေထိုင်မှုပုံစံဖြင့်ပါ ငှားရမ်းလာကြပါတယ်။

၃ နှစ်အတွင်းမှာ တိုက်ခန်းအငှားခတွေ အတော်လေး စျေးတက်လာသလို အိမ်ပွဲစားများရဲ့ အိမ်အငှားပွဲခများကို စည်းကမ်းမဲ့ တောင်းရမ်းမှုများတွေလည်း များပြားလာနေပါတယ်။

ယခင်က ရန်ကုန်မှာ အိမ်အငှား ပွဲစားခက ၁ နှစ် ဒါမှမဟုတ်ရင် ၆ လချုပ် ငှားပြီးနေမှသာ ပွဲစားခ ၁ လစာပေးရတာဖြစ်ပေမယ့် ဒီနောက်ပိုင်းမှာ ၃ လချုပ်နေလည်း ၁ လစာ တောင်းဆိုလာကြတာဖြစ်ပါတယ်။

ယခုနောက်ပိုင်း စည်းကမ်းမဲ့အိမ်ပွဲစားများကြောင့် လူမှုကွန်ရက်စာမျက်နာပေါ်တွင် အိမ်ပိုင်ရှင်များဟာ အိမ်ရှင်၊ အိမ်ငှား တိုက်ရိုက်ဆက်သွယ်ပေးသည့် ဂရုများအတွင်း အိမ်ငှားများနှင့် အိမ်ရှင်အချို့ အချင်းချင်းတိုက်ရိုက်ဆက်သွယ်မှုများ ပြုလုပ်လာကြတယ်လို့ သိရပါတယ်။