ဘရာဇီးလ်သားလေး ဆာဗီယို စီးတီး ရောက်ပါပြီ၊ မာရက်ဇ် ကျောနံပါတ်ကို ဆက်ခံ ဝတ်ဆင်မှာပါ
မန်ချက်စတာ စီးတီးအသင်းဟာ ဘရာဇီးလ် တောင်ပံကစားသမားလေး ဆာဗီယိုကို ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း Official သတင်း ထုတ်ပြန်သွားခဲ့ပါတယ်။
City Football Group လက်အောက်က အသင်းတွေ ဖြစ်တဲ့ ထရွိုင်စ်နဲ့ ဂျီရိုနာအသင်းတွေမှာ ပါဝင်ကစားနေတဲ့ တောင်ပံ ကစားသမားလေး ဆာဗီယိုကို စီးတီးက ပြောင်းရွှေ့ကြေး ပေါင် (၂၁)သန်း အပိုဆုကြေးများ အပါအဝင်နဲ့ဆို ပေါင် (၃၃.၆)သန်းနဲ့ ခေါ်ယူလိုက်တာပါ။
ဆာဗီယို ဟာ မန်စီးတီးနဲ့ ၂၀၂၉ခု နှစ် အထိ သက်တမ်းရှိမယ့် (၅)နှစ်စာချုပ်ပါ ချုပ်ဆိုလိုက်ပါတယ်။

အသက် (၂၀)သာ ရှိသေးတဲ့ ညာတောင်ပံ ကစားသမားလေး ဆာဗီယိုဟာ မန်စီးတီး တောင်ပံကစားသမားဟောင်း မာရက်ဇ် ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ် (၂၆)ကို ဆက်ခံ ဝတ်ဆင်သွားမှာပဲ ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေ စည်းမျဉ်းတွေ အရ ပိုင်ရှင်တူ ကလပ် အသင်းတွေချင်းမှာ စီးပွားရေး လှည့်ကွက် အနေနဲ့ ကစားသမား အရောင်းအဝယ် မလုပ်ဖို့ တားမြစ်ထားပေမယ့် စီးတီးကတော့ ဆာဗီယို ကိစ္စကို ရအောင် ဖြေရှင်းကာ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
