မုန်တိုင်း အရှိန်ကြောင့် ရန်ကုန်အပါအဝင် တိုင်းဒေသအချို့မှာ မိုးထစ်ချုန်းရွာမယ် သတိပေးချက်

လက်ရှိ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်ပြီး သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အသိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဇူလိုင် ၁၉ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းအတွင်း အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အဲဒီ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီကနေ့ ဇူလိုင် ၁၉ ရက်၊ နေ့လယ်ပိုင်းကနေ လာမယ့် ၂၁ ရက်နေ့အထိ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကာ တချို့နေရာတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးခြင်းတွေနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

မိုးလေဝသပညာရှင် စုစုစံကတော့ နောက် ၂၄ နာရီအတွင်း ကော့ကရိတ်၊ သင်္ကန်းညီနောင်၊ မြဝတီတို့မှာ မိုးများစွာ ရွာသွန်းနိုင်သလို ပဲခူးတိုင်းမှာတော့ ဇူလိုင် ၁၉ ရက်မှ ၂၂ ရက်နေ့အထိ၊ ရန်ကုန်တိုင်းမှာတော့ ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အတွင်း တိုင်းတတိုင်းလုံး မိုးများစွာ ရွာသွန်းနိုင်တဲ့အတွက် ဒီရေတက်ချိန်၊ မိုးကြီးချိန် သတိပြုဖို့လိုအပ်တယ်လို့ ဆိုပါတယ်။