တရုတ်အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်ရန် မြန်မာလုပ်သားများကို ခေါ်ယူနေ

တရုတ်နိုင်ငံရှိ စက်ရုံတွေမှာ အလုပ်လုပ်ဖို့ ပြည်တွင်းရှိ အလုပ်သမားတွေကို လုပ်ငန်းခွင်အထိ လက်ကမ်းစာစောင်တွေ ဝေကာ ဆွဲဆောင်ခေါ်ယူတာတွေ ရှိနေတယ်လို့ အလုပ်သမားတချို့ဆီက သိရပါတယ်။

တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့က အထည်ချုပ်စက်ရုံတွေမှာ လုပ်သားလိုအပ်ချက် ရှိနေတာကြောင့် စားစရိတ်ငြိမ်း၊ လစာကောင်းကောင်းနဲ့ လုပ်ရမယ်ဆိုပြီး ခေါ်နေတာလို့ ဆိုပါတယ်။

လက်ရှိမှာ ရွှေလီဘက်ခြမ်းရှိစက်ရုံတွေက အခြေခံလုပ်ခအနေနဲ့ ကျပ် ၆ သိန်းကျော်ကနေ ကျပ် ၁၀ သိန်းကျော်အထိ ရရှိမယ်ဆိုပြီး ဆွဲဆောင်နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံက ဝင်ရောက်မှုတွေကို တင်းကျပ်ထားတာကြောင့် သွားရောက်နိုင်ဖို့ မလွယ်သလို ပြောထားတဲ့လုပ်ခထက် ချိုးနှိမ်ပေးတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အနေနဲ့ တရားဝင်လုပ်သားစေလွှတ်ရေး လက်မှတ်ရေးထိုးထားတာ မရှိသေးဘဲ တရားဝင်စနစ် ကျင့်သုံးဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးက ပြီးခဲ့တဲ့နှစ်က သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံခရီးစဥ်တခုမှာ ဆွေးနွေးတောင်းဆိုခဲ့တာ ရှိပါတယ်။