မန်စီးတီးပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်ရမယ့် သတင်းက ထွက်ပေါ်လို့လာပါပြီ

မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်လ်ဗင် ဒီဘရိုင်းဟာ ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်အစ်တီဟတ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီလိုက်တယ်ဆိုပြီး သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒီဘရိုင်းဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကတည်းက ဝုလ်ဖ်ဘတ်ကနေ မန်စီးတီးအသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၃၈၀)အထိ ပါဝင်ကစားပေးခဲ့ရင်း (၁၀၂)ဂိုးသွင်း ဂိုးပေါင်း (၁၇၀)အထိ ဖန်တီးပေးနိုင်ခဲ့သူပါ။

ဒီဘရိုင်းဟာ လာမယ့် ၂၀၂၅ခုနှစ် ဇွန်လမှာပဲ မန်စီးတီးနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်သလို လက်ရှိ အခြေအနေတွေအရလည်း သက်တမ်းတိုးဖို့ထက် လမ်းခွဲကြဖွယ်သာ ရှိနေပါတယ်။

ဘန်ဇီမာ ကန်တေ ဖာဘင်ဟိုတို့လို ကစားသမားကောင်းတွေကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ အယ်လ်အစ်တီဟတ်အသင်းက ဒီဘရိုင်းကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားခဲ့တယ်လို့ သိရှိရပါတယ်။

အယ်လ်အစ်တီဟတ်က ဒီဘရိုင်းနဲ့ personal agreed ရထားခဲ့ပြီ ဖြစ်တာကြောင့် အပြောင်းအရွှေ့ အထမြောက်လာဖို့အတွက် မန်စီးတီးအသင်းနဲ့ သဘောတူညီမှု ရရှိဖို့ကိုသာ ဆက်လက် ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။