ဘဏ်အခက်အခဲ ဒေါ်လာ၊ ရွှေစျေး အတက်တွေကြားက ကားစျေးကွက် အခြေအနေ

ပြည်တွင်းကားစျေးကွက်က ဧပြီလလောက်ကစပြီး လက်ရှိအထိဆိုရင်တော့ ကားတစီးကို ၁၀ ရာခိုင်နူန်း လောက်ကနေ ၄၀ ရာခိုင်နူန်းလောက်အထိ တဖြည်းဖြည်း စျေးနူန်းမြင့်တက်လာတယ်လို့ ကားစျေးကွက်အရသိရပါတယ်။

ဒါကြောင့် အရင်က သိန်း ၃၀၀ လောက်နဲ့ဝယ်လို့ရတဲ့ကားက ခုချိန်မှာ သိန်း ၄၀၀ လောက်မှအနိမ့်ဆုံး ကားဝယ်လို့ရနေတယ်လို့ သိရပါတယ်။ ပြည်တွင်းကားစျေးကွက်က ဘဏ်ဂယက်ကြောင့် စျေးနူန်းထိုးတက်ရလောက်တဲ့အထိ သိသာတဲ့ပြောင်းလဲမှုမရှိပါဘူး။

” ဘဏ်စနစ်ကြောင့် ကားအရောင်းပိတ်တယ်၊ အရောင်းအဝယ်ရပ်လိုက်တယ်၊ စျေးတွေတင်လိုက်တယ်ဆိုတာမျိုး မရှိဘူးမဟုတ်ဘူးရှိတယ်။ အရမ်းနည်းတယ်။

ကားက အရမ်းအိန္ဒြေရတယ်။ အနိမ့်ဆုံး ကားက ၄၀၀ လောက်မှဝယ်လို့ရတဲ့အခြေအနေဖြစ်သွားတယ်။ ဒေါ်လာစျေး ရွှေစျေးနဲ့မဆိုင်ဘူးလားဆို တချို့ကားတွေတော့နည်းနည်း စျေးပိုတက်တာရှိပါတယ်။

ဧပြီကနေ ဇူလိုင်အထိကိုဆိုရင်ကားတစီးကို ၁၀ % ကနေ ၃၀ ၊ ၄၀ လောက်အထိအများဆုံးတက်သွားတယ်။” လို့ မြန်မာနိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်း MAMDA ရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာထွန်းမြင့် သုံးသပ်ပြောပါတယ်။

လက်ရှိမှာ ကားစျေးကွက်က အတက်စျေးတန်းမှာပဲ ပုံမှန်အရောင်းအဝယ်ရှိနေပြီး အဲဒီစျေးတန်းအောက်ကိုတော့ ကျသွားနိုင်ခြေမရှိဘူးလို့ ဆိုပါတယ်။ အကယ်လို့ ပုံမှန်မဟုတ်တဲ့ အမိန့်၊မူဝါဒ တွေ ထွက်ပေါ်လာမယ်ဆိုရင်တော့ ကားစျေးကွက်က မြင့်တက်သွားနိုင်တယ်လို့လည်း သုံးသပ်ပြောပါတယ်။

လက်ရှိ ကားစျေးကွက်မှာ သိန်း ၄၀၀ လောက်ကနေဘစပြီး သိန်း ၁၀၀၀ ကျော်တန်ကားတွေက အရောင်းအဝယ် အများဆုံးဖြစ်နေပြီး သိန်း၂၀၀၀ ဝန်းကျင်လောက်ကစလို အဲဒီအထက်ကားတွေကတော့ အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။