ဗဟိုဘဏ် ငွေစက္ကူအသစ် ရိုက်ထုတ်ကြောင်း ဂယက် အိမ်ခြံမြေစျေးအပေါ် သက်ရောက်လာ
						
						ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်မရတဲ့ပြဿနာကို ဗဟိုဘဏ်က ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအသစ်တွေ ထပ်မံရိုက်ထုတ်ပြီး ဖြေရှင်းလိုက်တယ်ဆိုတဲ့ သတင်းတွေအပြီးမှာ အိမ်ခြံမြေ ဈေးတွေထပ်မံ မြင့်တက်လာတယ်လို့ ဝါရင့် အိမ်ခြံမြေ အကျိုးဆောင်တွေထံက သိရပါတယ်။
ဘဏ်ငွေစက္ကူအသစ်တွေ ဂယက်ကြောင့် ကျပ်ငွေတန်ဖိုး ဆက်ပြီး ကျနိုင်ခြေရှိတာကြောင့် အိမ်ခြံမြေ ဈေးတွေ အရင်ကထက် ထက်မံ မြင့်တက်လာတာလို့ ဒီလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုကြပါတယ်။
အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက “အဓိကက ငွေစက္ကူအသစ်တွေကြောင့် ငွေတန်ဖိုးထပ်ကျနိုင်တယ်ဆိုပြီး ဈေးဆွဲတင်ကြတာပါ။ ဒီရက်ပိုင်းအတွင်းမှာကို အရင်နှုန်းထက် သိန်း ၅၀၊ ၁၀၀ လောက် ဈေးပိုတင်ပြီး ခေါ်လာကြတယ်။ ဒါပေမဲ့ ခေါ်ဈေးက အရမ်းများတော့ အဝယ်က သိပ်မရှိဘူးဖြစ်နေတယ်။ အရောင်းပဲ များတာ” လို့ ပြောပါတယ်။
မြန်မာပြည်တွင်း အိမ်ခြံမြေဈေးကွက်က မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ငွေကြေး ဖောင်းပွမှုတွေ အပေါ်မှာသက်ရောက်မှုရှိနေတယ်လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
၃ နှစ်တာ ကာလအတွင်း ရန်ကုန်မြို့ရဲ့ လူကြိုက်များပြီး ရောင်းရဝယ်ရ လွယ်ကူတဲ့ လမ်းမတန်းလိုနေရာတွေမှာ ၂ ဆကနေ ၃ ဆလောက်ထိ တက်လာပြီး ရပ်ကွက်အတွင်းပိုင်းက အိမ်ခြံမြေတွေကတော့ ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
လက်ရှိ မြန်မာပြည်တွင်း နိုင်ငံရေး အခြေအနေအရလည်း ကာလတခုအထိစျေးနှုန်း ဆက်တက်နေဦးမယ်လို့ လည်း အများစုက ခန့်မှန်းထား ကြပါတယ်။
