နာမည်ကျော် Star City နဲ့ ရိုးမလုပ်ငန်းစု အကြီးအကဲ ဦးသိမ်းဝေ ဥက္ကဋ္ဌ ရာထူးက နှုတ်ထွက်

အိမ်ရာချေးငွေ ကိစ္စတွေမှာ ဗဟိုဘဏ်သတ်မှတ်ချက်ကို ကျော်လွန်နေခြင်းကြောင့် နေပြည်တော်မှာ စစ်ဆေးမေးမြန်းတာခံနေရတဲ့ နာမည်ကျော် Star City အိမ်ယာနဲ့ ရိုးမလုပ်ငန်းစု ဥက္ကဋ္ဌ ဦးသိမ်းဝေ ခေါ် Serge Pun ဟာ ဥက္ကဋ္ဌ ရာထူးကနေ ဆင်းပေးလိုက်ပြီလို့ ကုမ္ပဏီဘက်က သတင်းထုတ်ပြန်ပါတယ်။

သူ့နေရာမှာ ရိုးမရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားတဲ့ သားဖြစ်သူ မယ်ဗင် ပန်း (Melvin Pun) က ဥက္ကဋ္ဌ ရာထူးကိုလည်း ဆက်ပြီးယူမယ်လို့ ဇူလိုင် ၂၄ ရက် ရိုးမထုတ်ပြန်ချက်ကို ကိုးကားပြီး စင်္ကာပူက လာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

ရှယ်ယာရှင်တွေကို ပေးပို့တဲ့ စာတစ်စောင်မှာတော့ မစ္စတာ ဆာ့ချ်ပန်းက ကုမ္ပဏီရဲ့အဓိက ရှယ်ယာရှင်ဖြစ်ပေမဲ့ ကုမ္ပဏီ တိုးတက် အောင်မြင်မှုကို အလေးထားတဲ့ အနေနဲ့ ဥက္ကဋ္ဌအဖြစ်ကနေ ဆင်းပေးတာလို့ ပြောထားတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ရိုးမလုပ်ငန်းစု ဥက္ကဋ္ဌ ဦးသိမ်းဝေ နေပြည်တော်မှာ ဘဏ်လုပ်ငန်းဆိုင်ရာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကုမ္ပဏီဘက်က ဇူလိုင် ၁၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက် စင်္ကာပူစတော့စျေးကွက်မှာ ရိုးမရဲ့ ရှယ်ယာတွေ ၈ ရာခိုင်နှုန်းကျော် ကျဆင်းမှုဖြစ်ခဲ့ပါတယ်။

ဦးသိမ်းဝေ နေပြည်တော် ရောက်နေပေမဲ့ Yoma Strategic Holdings ကုမ္ပဏီရဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ အပေါ်သက်ရောက်မှု မရှိဘူးလို့ ရိုးမဘက်က အစောပိုင်းမှာ ပြောထားပါတယ်။

Yoma Strategic Holdings ကုမ္ပဏီအောက်မှာရှိတဲ့ ရိုးမဘဏ်ကို အိမ်ရာချေးငွေတွေ ထုတ်ချေးတဲ့နေရာမှာ ဗဟိုဘဏ်သတ်မှတ်နှုန်းထားထက် ၁၁ ရာခိုင်နှုန်းပိုချေးထားတာကြောင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ နဲ့ အရေးခံရမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။