ပညာသင်ကြားရခက်နေတဲ့ ကလေးတွေအတွက် ဂြိုလ်တု အင်တာနက် တပ်ဆင်ပေးတဲ့ MrBeast

ကမ္ဘာကျော် YouTuber တစ်ဦးဖြစ်တဲ့ MrBeast ဟာ အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဇမ်ဘီယာမှာ အင်တာနက် ခက်ခဲသူတွေအတွက် ရည်ရွယ်ပြီး Starlink ဂြိုလ်တုတွေကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာမှာ ဝင်ငွေ အကောင်းဆုံး YouTuber ၁ ယောက်လို့ လူသိများတဲ့ MrBeast ဟာ ထူးထူးခြားခြား ဗီဒီယိုတွေ တင်ဆက်လေ့ရှိသလို အလှူအတန်းများစွာလည်း ပြုလုပ်တတ်သူပါ။ သူဟာ Beast Philanthropy ပရဟိတ အဖွဲ့အစည်းကို တည်ထောင်ထားပါတယ်။

အခုလည်း သူက ဇမ်ဘီယာမှ ဝေးလံခေါင်ဖျားတဲ့ Mapapa ရွာမှာ အင်တာနက် ခက်ခဲနေတဲ့အတွက် Starlink ဂြိုလ်တုကို သုံးပြီး high-speed အင်တာနက်ကို ပံ့ပိုးပေးခဲ့ပါတယ်။

ဇမ်ဘီယာမှ ကျောင်း ဆရာမ ၁ ယောက် ဖြစ်တဲ့ Dora Moono Nyambe က သူတို့ရွာရဲ့ အခက်အခဲတွေကို TikTok မှာ တင်ခဲ့တာကို မြင်ခဲ့ရတဲ့ MrBeast က အဲဒီရွာအတွက် Starlink ဂြိုလ်တု အင်တာနက်ကို ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် MrBeast ဟာ အစားအစာ၊ ရေနဲ့ လျှပ်စစ်မီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အဲဒီရွာမှာ Solar နဲ့ လျှပ်စစ်မီးရအောင် ကူညီခဲ့ပါတယ်။

အခုဆိုရင် ဆရာမ Dora Moono တို့ရဲ့ရွာမှာ ကလေးရာပေါင်းများစွာ အင်တာနက်သုံးပြီး ပညာသင်ယူခွင့်ရနေသလို ညဘက်တွေမှာ လျှပ်စစ်မီး ရတဲ့ အချိန်ပိုများသွားပြီ ဖြစ်ပါတယ်။