တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ မိုးထပ်ကြီးနိုင်ပြီး မြေပြိုမှုတွေ ရှိလာနိုင်ကြောင်း သတိပေး
						
						လက်ရှိမြစ်ရေအတက်ကြမ်းမှုကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်နေတဲ့ တိုင်းနဲ့ပြည်နယ် ခြောက်ခုလောက်မှာ မိုးထပ်ကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ဇူလိုင် ၂၆ ရက်မှာ သတိပေးထားပါတယ်။
ရေဘေးသင့်ဒဏ်ခံနေရတဲ့ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ်၊ပဲခူးတိုင်း ၊ရန်ကုန်တိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ ထပ်ပြီး မိုးကြီးနိုင်တာဖြစ်ကြောင်းနဲ့ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ဆိုပါတယ်။
အလားတူ မိုးဝေသပညာရှင် ဦးဝင်နိုင်ကလည်း ရေကြီးမှုတွေဟာ အန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်နေတာကြောင့် မြစ်ရေတက်နေတဲ့ဒေသတွေမှာ မြစ်ရေတွေထပ်တိုးပြီး တောင်ပြိုခြင်း၊ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်နိုင်လို့ သတိထားဖို့လိုအပ်ကြောင်း ပြောဆိုပါတယ်။
” မြစ်ရေမြင့်တက်နေတဲ့ ဒေသတွေ လာမယ့် ၃ ရက်အတွင်း မိုးဆက်လက်များနေနိုင်တဲ့အတွက် သတိရှိရှိနဲ့ ရင်ဆိုင်သွားဖို့ သတိပေး ပါတယ်။ မြစ်ရေမြင့်တက်လို့ အနိမ့်ပိုင်းဒေသတွေရေဝင်တာ၊ ရေကြီးသွားတာနဲ့ မိုးများတာကြောင့် တောင်ပြိုတာ၊မြေပြိုတာ၊ လေပြင်းတိုက်တာကြောင့်လည်း သစ်ပင်တွေ လဲနိုင်တဲ့အတွက် သဘာဝဘေးကို သတိပြုဖို့လိုပါတယ်။
မော်လမြိုင်အပါအဝင် မွန်ပြည်နယ် ၊ကရင်ပြည်နယ်က အထူးသတိထားဖို့လိုပါတယ်။ “လို့ ဦးဝင်နိုင်ကပြောပါတယ်။
လက်ရှိတော့ ကရင်ပြည်နယ် ၊မွန်ပြည်နယ် ၊ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတွေထဲက မြို့နယ်အချို့မှာ မြစ်ရေတွေအတက်ကြမ်းပြီး ရေကြီးနစ်မြုပ် မှုတွေဖြစ်ပြီး တောင်ပြိုခြင်း မြေပြိုခြင်းတွေဖြစ်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေလည်း သွားလာဖို့ခက်ခဲနေပါတယ်။
