ယခင် ဆုံးဖြတ် ပြောစကားကို ပြန်ပြင်ပြီး မန်စီးတီး ပရိသတ်တွေ ဝမ်းသာအောင် လုပ်ပေးတော့မယ့် ဂွါဒီယိုလာ

မန်ချက်စတာ စီးတီးအသင်း နည်းပြ ပက် ဂွါဒီယိုလာဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ရှိတယ်လို့ အရိပ်အမြွက်ဆိုခဲ့တာကြောင့် မန်စီးတီးပရိသတ်တွေအတွက် ဝမ်းသာစရာဖြစ်စေခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့လက်ရှိစာချုပ်က နောက်ဆုံးနှစ်ထဲ ရောက်လာပြီဖြစ်ပြီး မန်စီးတီးအသင်းက ဂွါဒီယိုလာကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။

ဂွါဒီယိုလာဟာ မန်စီးတီးနဲ့ စာချုပ်ပြည့်သွားရင် သက်တမ်းတိုးဖို့ မသေချာဘူးလို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောဆိုခဲ့ဖူးပေမဲ့ အခုအချိန်မှာတော့ သူ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီးတော့ မန်စီးတီးမှာပဲ ဆက်နေသွားဖို့ရှိနေပါပြီ။

ရာသီကြိုခြေစမ်းပွဲအတွက် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ကို ရောက်ရှိနေတဲ့ ဂွါဒီယိုလာက “ကိုယ့်ရဲ့လက်ရှိအလုပ်အပေါ် ချစ်မြတ်နိုးတယ်ဆိုရင် ဘာဖြစ်လို့ ရပ်လိုက်ရမှာလဲ။

မန်စီးတီးနည်းပြအလုပ်ကို ကျွန်တော် ကြိုက်နှစ်သက်ပြီး တကယ်လို့ တာဝန်ရှိသူတွေသာ ကျွန်တော်နဲ့ဆက်လက်တွဲချင်တယ်ဆိုရင် အတူရှေ့ဆက်သွားကြတာပေါ့”လို့ မီဒီယာသမားတွေရှေ့မှာ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်သူ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံး ရာသီဖြစ်တဲ့ ၂၀၁၆-၁၇ မှာ ဖလားလက်မဲ့ဖြစ်ခဲ့တာကလွဲလို့ ကျန်တဲ့ရာသီတိုင်းမှာ ဆုဖလားအောင်မြင်မှု ရယူနိုင်ခဲ့သလို ၂၀၂၂-၂၃ ရာသီမှာ သမိုင်းဝင်အောင်မြင်မှုအဖြစ် ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးခဲ့ပါတယ်။

ဒါ့အပြင် ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ၄ ရာသီဆက်တိုက် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ခဲ့ပြီး မန်စီးတီးနည်းပြဘဝမှာ ပရီးမီးယားလိဂ် ၆ ကြိမ်၊ FA ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်စီ ဆွတ်ခူးခဲ့ပါတယ်။

အခုအချိန်မှာတော့ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့အတူ ရှေ့ဆက်ဖို့ အင်အားပြည့်ဝနေပြီဖြစ်ပြီး လာမဲ့ရာသီကျရင် ပရီးမီးယားလိဂ်ဖလားကို ၅ နှစ်ဆက်တိုက် ရယူဖို့ အသင့်ရှိနေပြီဖြစ်ပါတယ်။