ဘားအံ ရေကြီးမှု စံချိန်သစ်တင်ပြီး တမြို့လုံးနီးပါး ရေမြုပ်ကာ ကယ်ဆယ်ရေးစခန်းများ ဖွင့်ထားရတဲ့ အခြေအနေ

သံလွင်မြစ်ရေသည် (၆)နှစ်တာအတွင်း စံချိန်တင် မြင့်တက်နေသည့်အတွက် ကရင်ပြည်နယ်၊ ဘားအံမြို့ မြို့လုံးကျွတ်နီးပါး ရေလွှမ်းမိုးမှု ဖြစ်ပွားနေကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ယနေ့ ဇူလိုင်(၂၈) ရက် နံနက် (၉)နာရီ (၄၄)မိနစ်အချိန်တွင် (၉၅၁)စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၀၁၈ ခုနှစ် အတွင်း အမြင့်ဆုံးရောက်ခဲ့ဖူးတဲ့ (၉၃၄) စင်တီမီတကို ကျော်လွန်ခဲ့ခြင်းဖြစ်သည်။
မြစ်ရေမြစ်တက်လာမှုကြောင့် ဘားအံမြို့ ဗိုလ်ချုပ်လမ်းမကြီးနှင့် ပြည်နယ်အစိုးရရုံးတည်ရှိရာ ကုန်းမြင့်မှအပ မြို့ပေါ်ရပ်ကွက်(၉)ခုလုံး ရေလွှမ်းမိုးလျှက်ရှိနေကြောင်း မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်နေသူ တာဝန်ခံတစ်ဦး က ပြောသည်။
လက်ရှိတွင် ဒေသခံနှစ်ဦးပျောက်ဆုံးနေသည်ဟု သတင်းရရှိထားပြီး လိုက်လံရှာဖွေနေသော်လည်း မတွေ့ရှိရသေးကြောင်း သိရသည်။
“ပျောက်နေတယ်လို့ သတင်းရထားပေမယ့် အတိအကျတော့ မသိရသေးဘူး။ ကျွန်တော်တို့ ရှာနေတုန်းပဲ။ ကယ်ဆယ်ရေးလုပ်ဖို့က တစ်မြို့လုံးအတွက် စက်တပ်လှေ(၇)စီးနဲ့ အုပ်စုခွဲပြီး ကယ်နေရတော့ အဆင်မပြေမှုတွေရှိတယ်။ ရေနက်ပိုင်းတွေ သွားဖို့ကလည်း ကယ်ဆယ်ရေးသုံးပစ္စည်းတွေ စက်တပ်လှေတွေ လိုအပ်နေပါတယ်”ဟု ၎င်းကပင် ဖြည့်စွက်ပြောသည်။
သံလွင်မြစ်ရေမြစ်တက်မှုကြောင့် ဘားအံမြို့တွင် ကယ်ဆယ်ရေးစခန်း(၆)ခု ကြိုတင် ဖွင့်လှစ်ထားရှိသော်လည်း လက်ရှိတွင် စခန်း(၁၈)ခုအထိ တိုးချဲ့ဖွင့်လှစ်ထားရပြီး စခန်းတစ်ခုလျှင့် ရေဘေးရှောင်ပြည်သူ (၁၀၀၀) ကျော် ခိုလှုံနေကြရကြောင်း သိရသည်။