ဘာစီလိုနာ၊ မန်စီးတီး၊ အာဆင်နယ်တို့နဲ့အတူ ပါဝင် ယှဉ်ပြိုင်မယ့် မြန်မာ ယူ-၁၂ အသင်း

ဥရောပ နာမည်ကြီးကလပ်တွေ ပါဝင်မယ့် U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲမှာ မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
အဆိုပါ ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် လာမည့် သြဂုတ်လ (၂၀)ရက်မှ (၂၄) ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲပါဝင်မယ့် မြန်မာ ယူ-၁၂ အသင်းအား ကစားသမား (၂၈) ဦးဖြင့် ဖွဲ့စည်းထားပြီး မကြာခင်မှာ အပြီးသတ် ၁၈ ဦး ရွေးချယ်သွားမှာပါ။
ပဏာမ မြန်မာယူ – ၁၂ အသင်းကိုတော့ ရန်ကုန်နှင့် မန္တလေးဘောလုံး အကယ်ဒမီတို့တွင် ဩဂုတ်လဆန်းပိုင်းအထိ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ယခုနှစ် ပြိုင်ပွဲမှာ မြန်မာ ယူ-၁၂ အသင်း အပါအဝင် အသင်း (၄၈)သင်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကာ မြန်မာအသင်းဟာ အုပ်စု (D)မှာ ဂျပန်ကလပ် အသင်းများဖြစ်သည့် Tozuka Football Club Junior၊ Kashima Antlers Norte ၊ FC Basara Hyogo တို့နှင့် ကျရောက်လျက်ရှိကြောင်း သိရသည်။
Junior Soccer World Challenge ကို ၂၀၁၃ မှာ ပထမဆုံးအကြိမ် စတင်ယှဉ်ပြိုင်ခဲ့ကာ အသင်းပေါင်း (၁၂) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဘာစီလိုနာအသင်းက လီဗာပူးကို အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ကူဘိုဟာ ဒီပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။
နောက်ပိုင်းမှာ ဘာစီလိုနာအပြင် အေစီမီလန်၊ အက်စ်ပန်ညို၊ အာဆင်နယ်၊ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ပါ ပါဝင်ယှဉ်ပြိုင်လာကြပါတယ်။ အရှေ့တောင်အာရှအသင်းတွေ၊ အာဖရိကအသင်းတွေလည်း ပါဝင်လာကြပါတယ်။
ပြီးခဲ့သည့် ၂၀၂၃ က ကျင်းပသည့် ပြိုင်ပွဲမှာ မြန်မာ ယူ – ၁၂ အသင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုတွင်းအဆင့်မှာ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနှင့် တွေ့ဆုံခဲ့ပါသေးတယ်။