အိမ်ခြံမြေနဲ့ ရွှေစျေးတက်စေတဲ့ ကျပ် ၂၀၀၀၀ တန် ဂယက် ဗဟိုဘဏ် ထွက်ဖြေရှင်း

လက်တလော ပြည်တွင်းမှာ နှစ်သောင်းတန်ငွေစက္ကူအသစ်များ ပမာဏ များစွာ မြင်တွေ့လာရကြောင်း ဖော်ပြချက်တွေဟာ သတင်းမှားတွေဖြစ်တယ်လို့ နိုင်ငံတော် ဗဟိုဘဏ်ဘက်က တုန့်ပြန်ပါတယ်။
ရန်ကုန်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ တစ်ခုမှာ ကျပ် ၂၀၀၀၀ တန်တွေ ပါလာခဲ့တယ်ဆိုတဲ့ ကောလဟာလတွေ အိမ်ခြံမြေနဲ့တကွ ရွှေစျေးကွက် အသိုင်းအဝိုင်းမှာ ဂကယ်ထနေပြီး နောက်ဆက်တွဲအဖြစ် ကျပ်ငွေတန်ဖိုးကျဆင်းမှုတွေ ရှိလာနေပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်မှာ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က “ နှစ်သောင်းကျပ်တန် ” ငွေစက္ကူ အမျိုးအစားသစ်ကို အကန့်အသတ်ဖြင့် ထုတ်ဝေခဲ့ပါတယ်။
ယင်းငွေစက္ကူကို အကန့်အသတ်ဖြင့်သာ ထုတ်ဝေထားကာ ဟောင်းနွမ်းငွေစက္ကူများ နေရာတွင် တန်ဖိုးတူ လဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒီရက်တွေအတွင်းမှာပဲ ဗဟိုဘဏ်က ကျပ် ၂၀၀၀၀ တန် ငွေစက္ကူကို ပမာဏများစွာဖြင့် ရိုက်ထုတ်နေသလို ဩဂုတ်လအတွင်း နိုင်ငံဝန်ထမ်းတွေနဲ့ ပင်စင်စားတွေကို ထပ်တိုးကြေး ၃၀၀၀၀ ပေးရာမှာပါ အသုံးပြုလိမ့်မယ် ဆိုတဲ့ ထင်မြင်ချက်တွေပါ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ကျပ်ငွေ ၂၀၀၀၀ တန်သတင်း မဟုတ်မှန်ကြောင်း ဗဟိုဘဏ်က ဖြေရှင်းထားသလို ” တရားဝင်ထုတ်ပြီး ဖြန့်ဝေထားတာတော့မရှိဘူး။ တချို့တလေတွေမှာပါတယ်ဆိုတာကလည်း အရင်ထုတ်ထားတာတွေရှိတယ်လေ။ အဲဒါတွေပဲရှိပါတယ်။ အခုကတော့ ဖြန့်ဝေထားတာမရှိပါဘူး” ဟု ဗဟိုဘဏ်မှ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
မနှစ်က ဒီလိုအချိန်မှာ ကျပ် ၂၀၀၀၀ ထုတ်ဝေခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှု၊ ကားဈေးမြင့်တက်မှု၊ ရွှေနှင့်ငွေလဲလှယ်နှုန်းများ၊ အိမ်ခြံမြေဈေးများ မြင့်တက်ခဲ့မှုတွေဖြစ်ပွားခဲ့ဖူးသေးတာ ဖြစ်ပါတယ်။