စက်သုံးဆီ ပြတ်လပ်ခြင်း ကိစ္စအတွက် မြန်မာနိုင်ငံ စက်သုံးဆီအသင်း ဖြေရှင်းချက်ပေး

မြန်မာနိုင်ငံမှာ လူဦးရေအထူထပ်ဆုံး ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကြီးတွေမှာ ဒီနေ့ ဩဂုတ်လ ၁ ရက်နေ့ မနက်ခင်း စက်သုံးဆီ တန်းစီနေတဲ့ကားတန်းတွေဟာ မိုင်ချီအကွာအဝေးရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က ဆီဆိုင်တွေမှာတော့ ဒီနေ့ မနက်ခင်းပိုင်း ၉ နာရီကျော်ကျော်အထိ ဆီဆိုင်အတော်များများ စက်သုံးဆီဝယ်ယူလို့ရနေပေမဲ့ ဆိုင်အချို့မှာတော့ ဆီပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာတော့ ဦးပိုင်ဆီဆိုင်မှာ တန်းစီနေတဲ့ စက်သုံးဆီဝယ်ကားတန်းဟာ လမ်း ၄၀ ကနေ သိပ္ပံလမ်းပေါ်က ကွန်ဗန်းရှင်းစင်တာကျော်အထိ မိုင်ချီတဲ့ကားတန်းကြီးဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မှာပဲ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းဘက်က သီလဝါရှိ စက်သုံးဆီသိုလှောင်ကန်တွေမှာ ဆီလုံလောက်စွာ ရှိတဲ့အပြင် နိုင်ငံခြားမှ စက်သုံးဆီ တင်သွင်းလာတဲ့ သင်္ဘောတွေ စဉ်ဆက်မပြတ် ဝင်ရောက်နေတဲ့အတွက် ရက်ပိုင်းအတွင်း အဆင်ပြေစွာ ဖြန့်ဖြူးပေးနိုင်မယ်လို့ သတင်း ထုတ်ပြန်ပါတယ်။

မိုးကြီးနေတာကြောင့် ဆီတင်ကား ဘေးအန္တရာယ်ကင်းရှင်းရေး သတိထားမောင်းနှင်ကြတဲ့အတွက် ပုံမှန်အချိန်ထက် ပိုကြန့်ကြာသလို၊ မတည်ငြိမ်တဲ့ ဒေသတွေမှ ပြောင်းရွှေ့လာသူအများစုဟာ မြို့ကြီးတွေကို ရောက်ရှိလာတဲ့အတွက် စက်သုံးဆီအရောင်းဆိုင်တွေမှာ ယာယီ စက်သုံးဆီ ပြတ် လပ် မှု တွေ ကြုံတွေ့နေရတာလို့ ထုတ်ပြန်သွားပါတယ်။

စက်သုံးဆီဈေးကွက်‌အတွင်းမှ လုပ်ငန်းရှင်တစ်ဦးကလည်း သီလဝါမှာ စက်သုံးဆီတွေရှိတယ်ဆိုတာ မှန်ကန်ကြောင်းနဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ လက်တလော ဆီပြတ်နေတာ အခြားသော အကြောင်းကိစ္စတွေကြောင့်ပါလို့ မှတ်ချက်ပေးပါတယ်။