စက်သုံးဆီဈေး တိုးမြှင့် သတ်မှတ်၊ ရန်ကုန်မှာ ဆီလိုသလောက် ဝယ်လို့ရတဲ့ ဆိုင်တွေ ပြန်ရှိလာ

ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် စက်သုံးဆီ ပြတ်လပ်ခြင်း၊ လိုသလောက်ဝယ်ယူ၍ မရခြင်း အစရှိသည့် အခြေအနေများ ဖြစ်ပေါ်နေချိန် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီတလီတာလျှင် ၁၀၀ ကျော်ထိဈေးနှုန်းများ တိုးမြှင့်သတ်မှတ်လိုက်သည်။

ယနေ့ ဩဂုတ်လ ၂ ရက်မှစ၍ ၉၂ ဓာတ်ဆီ တလီတာ ၂၇၇၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၈၉၅ ကျပ်၊ ဒီဇယ် တလီတာ ၂၄၅၀ ကျပ်နှင့် ပရီမီယံဒီဇယ် တလီတာ ၂၉၂၀ ကျပ် ပြောင်းလဲသတ်မှတ်ထားသည်။

ထို့ကြောင့် ဓာတ်ဆီတလီတာလျှင် ၉၂ ဓာတ်ဆီ တလီတာ ၁၄၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၁၄၅ ကျပ်၊ ဒီဇယ် တလီတာ ၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တလီတာ ၁၅၀ ကျပ်အထိ ဈေးတက်လာသည်။

ရန်ကုန်မြို့ရှိ အဌားယာဉ်မောင်းတဦးက “အခုထိတော့ ဆီက တန်းဆီနေရတုန်းပဲ။ ကားတန်းတွေကလည်း တော်တော်ရှည် တယ်။ MAX ဆီဆိုင်ကတော့ လိုသလောက်ရတယ်။ ကားတန်းရှည်တယ်။

မြတ်မေတ္တာမွန်တို့ ဓာတ်ဆီက ၃၀၀၀၀ ကျပ်ဖိုးပဲ ရတယ်။ လိုသလောက်မရဘူး။ မြန်တယ်။ ဆီပြဿနာကတော့ ရှိနေတုန်းပဲ။ အရင်ကဆို ဆီဈေးပြန်တက်ရင် ပြေလည်သွားပေမယ့် အခုတော့ အကန့်အသတ်နဲ့ ဝယ်နေရတုန်းပဲ။ တချို့ဆိုင်တွေက ဒီဇယ် နှစ်မျိုးလုံးပြတ်နေတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့မှစတင်ပြီး ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများ အပါအဝင် စက်သုံးဆီ တချို့ဆိုင်များတွင် ဆီပြတ်လပ်ခြင်း၊ တန်းစီစောင့်ဆိုင်းရခြင်း၊ အကန့်အသတ်ဖြင့်သာ ရရှိသည့်အခြေအနေများနှင့် ရင်ဆိုင်နေရသည်။