သွင်းကုန် ကဏ္ဍကြီး သုံးခုအတွက် ဒေါ်လာနဲ့ ယွမ် သန်းချီ ရောင်းချပေးမယ့် ဗဟိုဘဏ်
လာမယ့် ရက်သတ္တပတ်အတွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ တရုတ်ယွမ် ၅ သန်း ရောင်းချပေးမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေး ကြေညာလာပါတယ်။
လအစဖြစ်တဲ့ သြဂုတ်လ ၁ ရက်နေ့မှာ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအပါအဝင် သွင်းကုန်လုပ်ငန်းအချို့ကို ထိုင်းဘတ် ၆၉ သန်းနဲ့ တရုတ်ယွမ် ၉ သန်းကို ရောင်းချပေးခဲ့ပါတယ်။
သြဂုတ်လ ၂ ရက်နေ့ကလည်း ဗဟိုဘဏ်ဘက်က ငွေလဲနှုန်း ၃၃၈၁ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ရောင်းချပေးထားကာ ၄၈၁ ကျပ်နှုန်းနဲ့ တရုတ်ယွမ် ၉.၂ သန်းကျော်၊ ၁၀၂.၃၀ ကျပ်နှုန်းနဲ့ ထိုင်းဘတ် ၇၈ သန်းတို့ အရောင်းအဝယ်လုပ်ပေးခဲ့ပါတယ်။
လာမယ့်အပတ်မှာ FX Trading Platform မှတစ်ဆင့် စက်သုံးဆီကဏ္ဍ၊ စားအုန်းဆီကဏ္ဍနဲ့ ဆေးဝါးကဏ္ဍတို့မှ သွင်းကုန်လုပ်ငန်းရှင်တွေထံ ဒေါ်လာနဲ့ ယွမ်တွေ သန်းချီ ရောင်းချပေးမှာဖြစ်ပြီး ငွေလဲနှုန်းကို သီးခြားဖော်ပြထားခြင်း မရှိပါဘူး။
ဗဟိုဘဏ်ပြင်ပမှာတော့ ဒေါ်လာငွေလဲနှုန်းတွေ မြင့်တက်ခဲ့ရာမှ သြဂုတ် ၃ ရက်မှာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၅၄၀၀ နှုန်း ပေါက်နေတာဖြစ်ပါတယ်။