ဒီတလောကြုံနေကြတဲ့ ရန်ကုန်လေဆိပ်ကနေ ပြန်လွှတ်ခံနေရခြင်း အကြောင်းရင်း

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့က ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ခွင့်ရှိတဲ့ Papssport for Job (PJ) အမျိုးအစား ကိုင်ဆောင်ထားတဲ့သူ အယောက် ၄၀ ဟာ လေယာဉ်ပေါ် တက်ခွင့်မရဘဲ လေဆိပ်ကနေ ပြန်လွှတ်ခံခဲ့ရပါတယ်။

ပြန်လွှတ်ခံရသူတွေထဲမှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်နေသူတွေ၊ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်လို့ မြန်မာနိုင်ငံမှာ ပြန်လာပြီး သက်တမ်း ပြန်တိုးကာ ပြန်ထွက်တဲ့ သူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီလူတွေဟာ ဂျပန်နိုင်ငံအပါအဝင် တခြားနိုင်ငံတွေကို MOU စနစ်နဲ့ ပြန်လည်ထွက်ခွာမယ့်သူတွေဖြစ်ပြီး အေဂျင်စီ ၅ ခုနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အဆိုပါပြဿနာဟာ နိုင်ငံကူးလက်မှတ်မှာ ဟိုဘက်နိုင်ငံက ဗီဇာခွင့်ပြုတာတွေ ၊ ဒီကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေ သူ့လုပ်ငန်း အဆင့်ဆင့် အတိုင်း လုပ်ပြီး ထွက်ခွာရမယ့်အစား လေဆိပ်မှာ OWIC ကတ်အတု မိသွားတာကနေစတာပါ။

PJ ဆိုရင် အလုပ်သမား သဘောတူစာချုပ် ၊ တဘက်နိုင်ငံက ခေါ်ထားတဲ့ ခေါ်စာ နဲ့ လေယာဉ်လက်မှတ်အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနက တရားဝင် ထုတ်ပေးတဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) စတဲ့ စာရွက်စာတမ်း အပြည့်အစုံ ရှိဖို့ လိုအပ်တယ်လို့ ပြည်ပအလုပ်ဝန်ဆောင်မှုကုမ္ပဏီတစ်ခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တရားမဝင် ကတ်အတုတွေဖြင့် ထွက်ခွာတဲ့နောက် PJ ပတ်စ်ပို့တွေသာမက အလည်အပတ်နဲ့ သွားရောက်ခွင့်ရှိတဲ့ PV ပတ်စပို့ နဲ့ ပြည်ပထွက်ခွာသူတွေကိုလည်း လေဆိပ်မှာ အစစ်အဆေး တင်းကျပ်မှုတွေရှိလာနေတယ်လို့ သိရပါတယ်။