ကီလိုမီတာ ၃၀၀၀ သွားနိုင်မယ့် EV လေယာဉ်တွေ မိတ်ဆက်တော့မယ့် တရုတ်

EV လျှပ်စစ်ကားတွေ ခေတ်စားလာတဲ့နောက် ဒီလုပ်ငန်းမှာ ရှေ့ဆောင်နိုင်ငံတစ်ခုအဖြစ် ဦးဆောင်နေတဲ့ တရုတ်ဟာ လျှပ်စစ် လေယာဉ်တွေကိုလည်း တီထွင်ဖို့ ကြိုးစားလာနေပါတယ်။

EV လျှပ်စစ်ကားနဲ့ လျှပ်စစ် လေယာဉ်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိသလို ဆူညံသံလည်း မရှိပါဘူး။ ဒါပေမယ့် လျှပ်စစ်ကားနဲ့ လျှပ်စစ် လေယာဉ်တွေရဲ့ အဓိက စိန်ခေါ်မှုက မောင်းနှင်နိုင်တဲ့ အကွာအဝေး နည်းပါးတာ ဖြစ်ပါတယ်။

အခုတော့ တရုတ် ဘက်ထရီ ထုတ်လုပ်သူ Contemporary Amperex Technology Co Ltd (CATL) က ကီလိုမီတာ ၂၀၀၀ ကနေ ၃၀၀၀ ထိ မောင်းနှင်နိုင်တဲ့ လျှပ်စစ် လေယာဉ်ကို တီထွင်နေပါပြီ။

၎င်းတို့ တီထွင်နေ လေယာဉ်ရဲ့ အလေးချိန်ဟာ ၈ တန် ဝန်းကျင်ရှိမှာဖြစ်ကာ ၂၀၂၇ ခုနှစ်မှာ စတင် ရောင်းချနိုင်မယ်လို့ ကုမ္ပဏီ တာဝန်ရှိသူက ပြောပါတယ်။

15th World Economic Forum Annual Meeting မှာ CATL ရဲ့ အကြီးအကဲ Robin Zeng က ကုမ္ပဏီရဲ့ ဘက်ထရီ အသစ်ဟာ ၂၀၂၇ နဲ့ ၂၀၂၈ ခုနှစ်မှာ ၁၂၀၀ ကနေ ၁၈၀၀ မိုင် (၂၀၀၀ ကနေ ၃၀၀၀ ကီလိုမီတာ) အထိ ထောက်ပံ့ပေးနိုင်တယ်လို့ ပြောပါတယ်။

မဝေးတော့တဲ့ အနာဂတ်မှာ မိုင်များစွာ မောင်းနှင်နိုင်တဲ့ လျှပ်စစ် လေယာဉ်တွေ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။