အောင်ဘာလေထီ ရောင်းအားကျဆဲဖြစ်ကာ ရပ်ကွက်တွေထဲမှာ ၂ လုံး ၃ လုံးထိုးမှု အလွန်များလာ

ကျပ်တစ်ထောင်တန် အောင်ဘာလေထီရောင်းအားဟာ ကျဆင်းနေဆဲဖြစ်ပြီး အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်းငါးထောင်ဆုသာ ဖွင့်လှစ်ပေးနိုင်နေဆဲဖြစ်ပါတယ်။

၂၀၂၁ မတိုင်ခင်က လစဥ်ထီအက္ခရာအလုံးရေ ၄၀ ကျော်ထုတ်ရောင်းရပြီး လကုန်ရက်မတိုင်ခင် ထီဆိုင်တွေမှာ ထီလက်မှတ် လက်ကျန်မရှိလောက်အောင်အထိ ရောင်းအားကောင်းခဲ့တဲ့ အောင်ဘာလေဟာ လူစိတ်ဝင်စားမှု ထိုးကျနေခဲ့တာပါ။

ပြည်တွင်းအခွန်များဦးစီးဌာနဟာ ထီစာအုပ်ရောင်းရငွေတွေရဲ့ ၇၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးတာဖြစ်ပြီး ကျန်ရာနှုန်းတွေကိုတော့ အခွန်အဖြစ် သိမ်းစည်းတာဖြစ်ပါတယ်။ လက်ရှိမှာ ထီအမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀၀ ၊ ကျပ်သိန်း ၂၀၀၀ ၊ ကျပ်သိန်း ၁၀၀၀ အပါအဝင် အခြားသောဆုမဲများကို လစဉ်တိုင်း ချီးမြှင့်လျက်ရှိပါတယ်။

အောင်ဘာလေထီအပေါ် စိတ်ဝင်စားမှု အားနည်းပေမယ့် လူတန်းစား အလွှာအသီးသီးမှာ ၁ ပတ်ကို ၁၀ ကြိမ်ထွက်တဲ့ ၂ လုံးထီနဲ့ ၁ လုံးကို ၂ ကြိမ်ထွက်တဲ့ ၃ လုံးထီလို့ခေါ်တဲ့ ထိုင်းထီထိုးမှုကတော့ အတော်လေး နက်ရှိုင်းစွာ ပျံ့နှံ့နေပါတယ်။

အဆိုပါ ၂ လုံး ၃ လုံးတွေကို ရပ်ကွက်တွေထဲက နီးစပ်ရာဒိုင်တွေအပြင် ဖုန်းအပလီကေးရှင်းတွေကတစ်ဆင့် အွန်လိုင်းကနေပါ အသက်အရွယ်မရွေး၊ လူကြီး လူငယ် မရွေး၊ ကျားမ မရွေး ခပ်လွယ်လွယ် ထိုးလို့ရနေတာပါ။

ထိုးသားတွေအပြင် ကော်မရှင်စားအဖြစ် ဒိုင်တွေကနေ ကိုယ်စားလှယ်ယူရောင်းချမှုတွေလည်း များပြားနေတာဖြစ်ပါတယ်။