ရန်ကုန်မှာ ကန်ထရိုက်တိုက်ခန်းတွေကို စျေးချပြီး အမြန်ရောင်းချမှုတွေ များလာ
ရန်ကုန်မှာ ကန်ထရိုက်တိုက်ခန်းစျေးတွေကို ပြင်ပခေါ်စျေးထက် စျေးအနည်းငယ်ချကာ တွန်းရောင်းလာနေကြောင်း အိမ်ခြံမြေစျေးကွက်ကနေ သိရပါတယ်။
လက်ရှိမှာ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်ခန်း ဆောက်လုပ်မှုများ ရန်ကုန်တစ်ဝန်းရှိနေပြီး တိုက်သစ်အများစုမှာ ဆောက်ပြီးပြီးချင်း လူနေထိုင်နေသော်လည်း စာရွက်စာတမ်းတွေ လျှောက်ထားဆဲဖြစ်ပြီး နေထိုင်ခွင့်မကျသေးပါဘူး။
စျေးချရောင်းလာတဲ့ တိုက်ခန်းတွေဟာ မြေရှင်နဲ့ ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ဆောက်လုပ်ကြတဲ့ တိုက်ခန်းများဖြစ်ပြီး စာရွက်စာတမ်း စုံလင်တဲ့ အခန်းမျိုးတွေက စျေးမာနိုင်ပေမယ့် စာရွက်စာတမ်း မစုံလင်တဲ့ အခန်းမျိုးတွေကတော့ ပေါက်စျေးထက် စျေးချရောင်းလာတာဖြစ်ပါတယ်။
စျေးသက်သာတဲ့ တိုက်ခန်းတွေကို လူစိတ်ဝင်စားမှု များနေချိန်မှာ မြေရှင်ပိုင်အခန်းတွေ၊ ကြိုပွိုင့်မှာ ဝယ်ယူထားတဲ့ အခန်းရှင်တွေက စျေးချပြီး အတင်းတွန်းရောင်းနေတာလို့လည်း သိရပါတယ်။
ကန်ထရိုက်တိုက်ခန်းအချို့ဟာဆိုရင် တစ်တိုက်လုံးကို မီတာဘောက်စ် တစ်ခုတည်းရှိတာမျိုးတွေ၊ ဂျိုးဖြူရေမရတာမျိုးတွေလည်း ရှိကြကာ ဝယ်ယူသူတွေကိုတော့ လျှောက်ထားဆဲနဲ့ မကြာခင်ရတော့မယ်လို့ အကြောင်းပြချက်ပေးတတ်ကြပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနဘက်ကလည်း အိမ်သုံးမီတာဘောက်စ် တပ်ဆင်ခ နှုန်းထားတွေကို စျေးနှုန်းမြင့်လာဖို့ ရှိပါတယ်။
ရန်ကုန်မြို့ကို အကြောင်းအမျိုးမျိုးကြောင့် နယ်ဒေသများမှ ပြောင်းရွှေ့နေထိုင်လာသူများလာခြင်းကြောင့် တိုက်ခန်းအငှားစျေးကွက်အတွင်း ငှားရမ်းသူ များပြားခဲ့သလို ငှားရမ်းခများလည်း ယခင်ကထက် မြင့်မားလာနေတာဖြစ်ပါတယ်။