ကွန်မြူနတီဒိုင်းပွဲမှာ ဗျူဟာသစ် ထုတ်သုံးဖို့ ရည်ရွယ်နေတဲ့ မန်ယူနည်းပြတန်ဟက်
မန်စီးတီးနဲ့ ရင်ဆိုင်ရတော့မယ့် ကွန်မြူနတီ ဒိုင်းပွဲမှာ ယူနိုက်တက် တိုက်စစ်မှုး ဟွိုင်လန်းက တံကောက်ကြော ဒဏ်ရာကြောင့် မပါနိုင်သေးသလို တိုက်စစ်မှုးသစ် ဇတ်ဇီးကလည်း အသင့် မဖြစ်သေးပါဘူး။
လာမယ့် သြဂုတ်လ ၁ဝ ရက်နေ့ ဝင်ဘာလေမှာ စီးတီးနဲ့ မန်ယူတို့ဟာ ကွန်မြူနတီဒိုင်းပွဲ ယှဉ်ပြိုင် ဖလားလုမှာ ဖြစ်ပြီး အဲဒီနောက် အပတ်မှာတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲ စတင် ကစားရတော့မှာပါ။
မန်စီးတီးပွဲမှာ အထောင်တိုက်စစ်သမား ရှာပါးနေခြင်းကို ဖြေရှင်းဖို့နဲ့ ပတ်သက်လို့ နည်းပြတန်ဟက်က ” ဂျေဒန်ဆန်ချိုက တိုက်စစ်မှူး အဖြစ် ကစားနိုင်ပါတယ်။ သူက တောင်ပံ ဧရိယာတွေမှာလည်း ကစားနိုင်တယ်။ သူ့ကို ထည့်သုံးတာက နည်းလမ်းကောင်း တစ်ခုပါ။
မားကပ်လည်း တိုက်စစ် ကစားဖူးပါတယ်။ သူလည်း လုပ်နိုင်တယ်။ ဒါကလည်း ရွေးချယ်စရာ တစ်ခုပေါ့။ ဒါပေမ့် သူက ဘယ်ခြမ်း တောင်ပံဘက်မှာ ဆိုရင် ပို ခြေစွမ်းပြနိုင်တယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။
နည်းပြတန်ဟက်ကတော့ ဘရူနို ဖာနန်ဒက်စ်ကိုလည်း တိုက်စစ်မှုး အဖြစ် ကစားစေဖို့ စဉ်စားနေပြီး ရာသီကြိုဖလားပွဲမှာ မန်စီးတီးကို အနိုင်ယူဖို့ အကြံထုတ်နေတာပဲ ဖြစ်ပါတယ်။