မန်စီးတီး ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်တဲ့ အပြင် အဆင့် ၄ ထိ ကျသွားမယ် ဆိုတဲ့ အိုဝင်ရဲ့ အံ့ဖွယ် ခန့်မှန်းချက်
ဒီအပတ်မှာ မန်ချက်စတာကလပ် နှစ်သင်း ဝင်ဘာလေမှာ ကွန်မြူနတီဒိုင်းပွဲ ယှဉ်ပြိုင် ကစားပြီးရင် နောက်တစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး စတင်ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်သမားဟောင်းကြီး မိုက်ကယ်အိုဝင်က ရာသီသစ်မှာ ချန်ပီယံဖြစ်မယ့်အသင်းနဲ့ ထိပ်ဆုံး ၄ သင်းဝင်မယ့် အသင်းတွေကို ကြိုတင် သုံးသပ် ခန့်မှန်းပေးလာပါတယ်။
အိုဝင်ကတော့ ရာသီသစ်မှာ မန်စီးတီး ချန်ပီယံ မဖြစ်တဲ့ အပြင် အဆင့် ၄ ပဲ ရမယ် လို့ အံ့အားသင့်ဖွယ် ခန့်မှန်းလိုက်ပါတယ်။
‘ ကျနော်ကတော့ မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလား ထပ်ရမယ် မထင်ဘူး။ သူတို့ နည်းနည်းတောင်ကျဆင်းသွားနိုင်တယ်။ ရာသီအစ ၁၀ ပွဲမှာ သူတို့ ဖလားပြိုင်ဆိုင်မှုထဲ မပါရင် အခြားတစ်ခုခုကိုပဲ ဦးစားပေးသွားနိုင်တယ်။
လူတိုင်းက ထိပ်ဆုံး ၄ သင်းအတွက် သူတို့ရဲ့ ခန့်မှန်းချက်တွေမှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ကို ထည့်သွင်းကြမှာပါ။ နည်းပြသစ်နဲ့အတူ လီဗာပူးအသင်း အံဝင်ပါ့မလား ဆိုပေမယ့် ကျနော်ကတော့ သူတို့လည်း ထိပ်ဆုံး ၄ သင်း ထဲ ပါလာမယ် ထင်ပါတယ်။
နယူးကာဆယ် အဆင့် ၄ထဲ ဝင်မလား စဉ်းစားပေမယ့် အက်စတွန်ဗီလာက ပိုပြီးကျစ်လစ်သလို သူတို့က ဆက်ပြီး တိုးတက်လာနေတယ်။
ဒီရာသီက ကြီးကြီးမားမား အံ့အားသင့်စရာတွေ မြင်ရမှာပါ။ အာဆင်နယ် ချန်ပီယံဖြစ်မယ်၊ လီဗာပူး ဒုတိယ၊ အက်စတွန်ဗီလာ တတိယနဲ့ မန်စီးတီးအသင်းက စတုတ္ထမှာ ရပ်တည်ပါလိမ့်မယ်။ ’ လို့ အိုဝင်က ခန့်မှန်းခဲ့တာဖြစ်ပါတယ်။