ရန်ကုန် တိုက်ခန်းနဲ့ ကွန်ဒို အငှားစျေးကွက် ကြီးကြီးမားမား လှုပ်ခတ်
ဒီအပတ်တွေအတွင်း အနယ်နယ်အရပ်ရပ်က ရောက်လာတဲ့ ရွှေပြောင်းသူတွေကြောင့် ရန်ကုန်မြို့တွင် အိမ်ငှားစျေးကွက်အပေါ် သက်ရောက်မှု ကြီးမားလာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေထံက သိရပါတယ်။
ရှမ်းပြည်၊ ရခိုင်ပြည်၊ နေပြည်တော်၊ မန္တလေးအပြင် နယ်ဒေသများမှ ပြောင်းရွှေ့နေထိုင်သူများလာခြင်းကြောင့် ရန်ကုန်မြို့မှာ တိုက်ခန်းအငှားစျေးကွက်အတွင်း ငှားရမ်းသူ များပြားခဲ့သလို ငှားရမ်းခများလည်း ယခင်ကထက်မြင့်မားလာနေပါတယ်။
လက်ရှိမှာ တိုက်ခန်းငှားခ ကျပ် ၂ သိန်း ဝန်းကျင်တွေ မရှိသလောက် ရှားပါးနေကာ တချို့အိမ်ရှင်တွေက စစ်ဘေးရှောင်ရတဲ့ ဆွေမျိုးတွေကို လက်ခံထားဖို့အတွက် ဆက်မငှားတာ၊ လစာပိုပေးတဲ့သူတွေရှိလို့ ဆက်မနေခိုင်းတော့တာမျိုးတွေ ရှိနေပါတယ်။
ငှားရမ်းလိုသူ များနေတာကြောင့် အခန်းပိုင်ရှင်များမှာ တိုက်ခန်းတစ်ခုလုံးကို ငှားလိုက်ခြင်းမျိုး မလုပ်တော့ဘဲ အဆောင်သဖွယ် လူဦးရေနည်းတဲ့ မိသားစုနှစ်ခု (သို့မဟုတ်) သုံးခုလောက်ကို ပေါင်းပြီး ငှားခြင်းမျိုးတွေ လုပ်လာတာတွေလည်း ရှိပါတယ်။
ရန်ကုန်တိုက်ခန်းတွေတင် မဟုတ်ဘဲ အငှားစျေးကွက်ကြောင့် ကွန်ဒိုအခန်း ငှားရမ်းခတွေလည်း ပြီးခဲ့တဲ့ လတွေတုန်းကထက် သိသိသာသာ စျေးတက်လာနေတယ်လို့ အကျိုးဆောင်တွေထံက သိရတာဖြစ်ပါတယ်။