ဖောက်သည်တွေနောက်လိုက်ရင်း ထိုင်းကို ပြောင်းရွှေ့ကုန်တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ
မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကြောင့် ပြည်တွင်းရေး မတည်ငြိမ်ဖြစ်နေချိန် ပြည်တွင်းက စီးပွားရေးလုပ်ငန်းများ ထိုင်းနိုင်ငံတွင် အခြေချလုပ်ကိုင်လာကြောင်း Nikkei Asia သတင်းက ဖော်ပြလာပါတယ်။
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းဟာ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်ပြီး ဈေးကွက်သစ်ရှာဖွေနေတဲ့ မြန်မာလုပ်ငန်းရှင်တွေအတွက် ရွေးချယ်စရာ နေရာတစ်ခုဖြစ်လာနေပါတယ်။
ထိုင်းနိုင်ငံရဲ့ ပိုမိုတည်ငြိမ်သည့် နိုင်ငံရေး စီးပွားရေး အခြေအနေများအပြင် မြန်မာရွှေ့ပြောင်းလုပ်သား များပြားခြင်းတွေကြောင့် စီးပွားရေးလုပ်ဖို့ ကောင်းတဲ့ နိုင်ငံအဖြစ် ပြည်တွင်းလုပ်ငန်းရှင်တွေက မြင်ထားတယ်လို့ သိရတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၅ သန်းဝန်းကျင်ထိရှိပြီး တရားဝင် သာမက တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ရောက်လာသူတွေပါ များပြားနေပါတယ်။ အဆိုပါ ဖောက်သည်တွေနောက်လိုက်ရင်း မြန်မာလုပ်ငန်းရှင်တွေ ထိုင်းကို လွှမ်းခြုံလာနေပြီလို့ Nikkei Asia က ဆိုပါတယ်။
မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုတွေကြောင့် ချမ်းသာကြွယ်ဝတဲ့ မြန်မာနိုင်ငံသားတွေဟာ ပြည်ပကို ထွက်ခွာလာပြီး ထိုင်းနိုင်ငံကို ပိုမို ခိုလှုံလာကြကာ ၂၀၂၁ ခုနှစ်နောက်ပိုင်း အိမ်ခြံမြေကဏ္ဍမှာပါ မြန်မာဝယ်လက်တွေ ကြီးကြီးမားမား ရင်းနှီးမြုပ်နှံနေကြကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားခဲ့ပါသေးတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ၃ နှစ်ကျော်ကာလအတွင်း ထိုင်းအိမ်ခြံမြေကဏ္ဍမှာ မြန်မာ့နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုဟာ ဘတ် ၁၀ ဘီလီယံထက်မနည်း ရှိလာကြောင်း ထိုင်းအိမ်ခြံမြေဈေးကွက်ဆိုင်ရာဌာန REIC က ဖော်ပြထားပါတယ်။