၉ မိနစ်အားသွင်းပြီး မိုင် ၆၀၀ မောင်းနှင်နိုင်မယ့် လျှပ်စစ်ကား ဘက်ထရီကို Samsung မိတ်ဆက်
တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မှာ ကျင်းပတဲ့ SNE Battery Day 2024 Expo မှာ Samsung က ၉ မိနစ်အားသွင်းရုံနဲ့ မိုင် ၆၀၀ မောင်းနှင်နိုင်မယ့် ကားဘက်ထရီကိုထုတ်ဖော်ပြသလိုက်ပါတယ်။
ကုမ္ပဏီဘက်ကတော့ ၉ မိနစ်ထဲ အားသွင်းတာနဲ့ မိုင် ၆၀၀ (၉၆၆ ကီလိုမီတာ) မောင်းနှင်နိုင်တဲ့ ဘက်ထရီရဲ့ သက်တမ်းဟာ နှစ် ၂၀ တောင် ရှိတယ်လို့ ပြောပါတယ်။
Solid-state ဘက်ထရီ အမျိုးအစား ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့ပါတယ်။ လက်ရှိမှာ စတင် စမ်းသပ်နေပြီး ၂၀၂၇ ခုနှစ်မှာ အများအပြား ထုတ်လုပ်မှာပါ။
Samsung က မိတ်ဆက်လာတဲ့ ဘက်ထရီရဲ့ အားသာချက်က ပိုမို ပေါ့ပါး၊ သေးငယ်ပြီး ဘေးကင်းလုံခြုံသလို၊ စွမ်းရည်အပိုင်းမှာလည်း ပိုမို သာလွန်နေပါတယ်။
လက်ရှိ လျှပ်စစ်ကား အများစုမှာသုံးနေတဲ့ လစ်သီယမ် အိုင်းယွန်း ဘက်ထရီတွေထက် အလေးချိန်တူရင် စွမ်းအင်နှစ်ဆနီးပါး သိုလှောင်နိုင်မှာဖြစ်ပြီး အရွယ်အစားတူရင်တော့ နှစ်ဆနီးပါးမောင်းနှင်နိုင်မှာပါ။
Solid state battery တွေရဲ့ အားနည်းချက်က ကုန်ကျစရိတ်မြင့်မားတာပဲဖြစ်ပြီး အမြင့်ပိုင်း EV model တွေမှာသာ တွေ့နိုင်ဖွယ်ရှိပါတယ်။