ရန်ကုန် မြိုနယ် ၄ ခုမှာ လုံးချင်းအိမ်များ အရောင်းအဝယ်ဖြစ်နေ
ရန်ကုန်မြို့မှာ တိုက်ခန်းအငှားစျေးကွက်အပြင် အိမ်ခြံမြေ အရောင်းအဝယ်တွေ ပြန်ပြီး အလုပ်ဖြစ်လာနေကြောင်း ရန်ကုန်မြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
လက်ရှိအချိန်မှာ ကိုယ်တိုင် နေ့ထိုင်ဖို့အတွက်တင် မကဘဲ ငွေကြေး ရင်းနှီးမြှုပ်နှံဖို့အတွက်ပါ နယ်မြို့တွေကနေ အိမ်ခြံမြေ၊ တိုက်ခန်း လာရောက် ဝယ်ယူသူ သူတွေ များပြားနေတာပါ။
အိမ်ခြံမြေ လုံးချင်းတွေ၊ ကွန်ဒို၊ တိုက်ခန်း ရောင်းချလိုသူတွေဘက်က ကြိုက်စျေးတွေ ခေါ်ထားပေမယ့် ဈေးနှုန်းအဆင်ပြေပြီး အလုပ်ဖြစ်နိုင်တဲ့ စျေးတန်းဆိုရင် ဝယ်သူတွေ့တာ မြန်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုပါတယ်။
ဝယ်ယူသူတွေဘက်ကတော့ အဓိကအားဖြင့် စီးပွားရေးလုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် ဝယ်ယူကြတာဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းပြီး စာရွက်စာတမ်း စုံလင်တဲ့ အိမ်ခြံမြေတွေက စျေးကောင်းရသလို ချက်ခြင်း အလုပ်ဖြစ်လွယ်တယ်လို့ သိရပါတယ်။
လက်ရှိ ဒဂုံမြို့သစ် လေးမြို့နယ်မှ အရောင်းတင်ထားတဲ့ အိမ်ခြံမြေတွေထဲမှာ ကျပ် သိန်း ၂၀၀၀၀ ဝန်းကျင် စျေးခေါ်ထားတဲ့ လုံးချင်းအိမ်တွေပါ ရှိနေပေမယ့် ကျပ်သိန်း ၃၀၀၀ မှ ကျပ်သိန်း ၅၀၀၀ ဝန်းကျင် လုံးချင်းတွေက အရောင်းအဝယ်အသွက်ဆုံးဖြစ်နေတယ်လို့ သိရပါတယ်။