အရေးကြီးကုန်စည်များအတွက် ဒေါ်လာ၊ ဘတ်နဲ့ ယွမ် သန်းချီ ရောင်းချပေးမယ့် ဗဟိုဘဏ်

ပြင်ပငွေကြေးဈေးကွက်အတွင်း အမေရီကန် တစ်ဒေါ်လာ ၆၀၀၀ ကျပ်ကျော် အထိ မြင့်တက်လာချိန် ဗဟိုဘဏ်မှ နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာပါတယ်။

ဗဟိုဘဏ်မှ လာမည့်ရက်သတ္တပတ်အတွင်း ‌စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၆ သန်း၊ တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်းတို့ကို ထပ်မံရောင်းချပေးမှာဖြစ်ပါတယ်။

လအစဖြစ်တဲ့ သြဂုတ်လ ၁ ရက်နေ့မှာ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအပါအဝင် သွင်းကုန်လုပ်ငန်းအချို့ကို ထိုင်းဘတ် ၆၉ သန်းနဲ့ တရုတ်ယွမ် ၉ သန်းကို ရောင်းချပေးခဲ့ပါတယ်။

သြဂုတ်လ ၂ ရက်နေ့ကလည်း ဗဟိုဘဏ်ဘက်က ငွေလဲနှုန်း ၃၃၈၁ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ရောင်းချပေးထားကာ ၄၈၁ ကျပ်နှုန်းနဲ့ တရုတ်ယွမ် ၉.၂ သန်းကျော်၊ ၁၀၂.၃၀ ကျပ်နှုန်းနဲ့ ထိုင်းဘတ် ၇၈ သန်းတို့ အရောင်းအဝယ်လုပ်ပေးခဲ့ပါတယ်။

ပြင်ပငွေကြေးဈေးကွက်တွင် အမေရီကန်တစ်ဒေါ်လာ ၆၁၀၀ ကျပ်အထိ မြင့်တက်နေသလို ထိုင်းတစ်ဘတ်လျှင် ၁၆၉ ကျပ်၊ တရုတ်တစ်ယွမ်လျှင် ၈၃၂ ကျပ်အထိ မြင့်တက်နေချိန် ဗဟိုဘဏ်ဘက်က နိုင်ငံခြားငွေတွေကို ထပ်မံ ရောင်းထုတ်မယ့်အကြောင်း အသိပေးလာတာဖြစ်ပါတယ်။