၃ နိုင်ငံကလွဲလို့ မြန်မာဆန်ကို ပြည်ပဝယ်လက်တွေ မဝယ်လိုကြောင်း ဆန်စပါးအသင်းချုပ် ပြော
ကမ္ဘာ့ဆန်ဈေးကွက်မှာ မြန်မာနိုင်ငံဟာ အရမ်းကြီး အရေးပါတဲ့ နိုင်ငံမဟုတ်ဘဲ ဒေသတွင်း ၃ နိုင်ငံလောက်ကလွဲလို့ မြန်မာ့ဆန်ကို ဝယ်လိုတဲ့ပြင်ပနိုင်ငံ မရှိဘူးလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) တာဝန်ရှိသူက ပြောလာပါတယ်။
လက်ရှိမှာ ဆန်၊ ဆန်ကွဲ တန်ချိန် နှစ်သန်းခန့်သာ ကမ္ဘာ့ဈေးကွက်ထဲ တင်ပို့နိုင်တာကြောင့် တန်ချိန်အများအပြား တင်ပို့တဲ့ နိုင်ငံတွေထက် အရေးပါတဲ့ အနေအထားမရှိဘူးလို့ ဆိုပါတယ်။
“ဝယ်တဲ့ နိုင်ငံတွေကလည်း မြန်မာနိုင်ငံကို နောက်ဆုံးမှ စဉ်းစားတဲ့ အနေအထားမျိုးလည်း ရှိတယ်။ ဒါက တကယ့်အခြေအနေအမှန်ကို ပြောပြတာ”လို့ အသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြောင်း BETV Business က ဖော်ပြလာပါတယ်။
အိမ်နီးချင်းတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေကပဲ မြန်မာရောင်းချသူတွေကို အရေးပါသူအဖြစ် မှတ်ယူကြတယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံကို ဆန်တန်ချိန် ၆၀,၀၀၀ တင်ပို့ခွင့်ရသော တင်ဒါ ၅ ခုကို မြန်မာနိုင်ငံက အောင်ခဲ့ပေမယ့် ထိုင်းနဲ့ ပါကစ္စတန်ဘက်က တင်ဒါတွေ စျေးကြီးလို့ မြန်မာကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
“ အာဖရိကဆိုရင် ရောင်းမရတာ တော်တော်ကြာပြီ။ အခုမှ နည်းနည်းပြန်ပြီးတော့ ရောင်းနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်”လို့ ဦးရဲမင်းအောင်က ပြောပါသေးတယ်။
မြန်မာအနေနဲ့ ပြင်ပဝယ်လက်ပိုမိုရလိုတယ်ဆိုရင် နွေစပါးစိုက်တဲ့ ဧရိယာတွေ တိုးနိုင်ဖို့ လိုသလို တကယ်အထွက်ကောင်းတဲ့ စပါးမျိုးတွေ စိုက်နိုင်ဖို့လည်း အများကြီး လိုအပ်တယ်လို့ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက ပြောပြလာခဲ့ပါတယ်။