လာမယ့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ် ရေပန်းအစားဆုံး အသင်းများ
ဒီအပတ် သောကြာနေ့ညမှာ မန်ချက်စတာ ယူနိုက်တက်က ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံခြင်းနဲ့အတူ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် ရာသီသစ် စတင်သွားမှာဖြစ်ပါတယ်။
ဒီနွေမှာ ချယ်ဆီး၊ ယူနိုက်တက်နဲ့ စပါးတို့က လူသစ် ခေါ်ယူမှုတွေ အားကောင်းနေကြပြီး မနှစ်ကထက် ပိုတောင့်တင်းတဲ့ လူစာရင်းတွေကို ပိုင်ဆိုင်လာနေကြပါပြီ။
ထိုနည်းတူ မန်စီးတီး၊ အာဆင်နယ်တို့ကလည်း ယခင်ရာသီတွေက စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ကြောင်း ရာသီကြိုမှာ ပြသထားကြတယ်။ နည်းပြအပြောင်းအလဲ လုပ်ထားတဲ့ လီဗာပူးကလည်း လူသစ် မခေါ်သေးပေမယ့် ရာသီကြိုကို ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့ အသင်းဖြစ်ပါတယ်။
ယာဂင်ကလော့ပ် မရှိတော့တဲ့နောက် လက်ရှိ ပရီးမီးယားလိဂ်နည်းပြတွေထဲ အမှတ်ပေးဖလား အနိုင်ရဖူးတာက မန်စီးတီးနည်းပြ ဂွာဒီယိုလာ တစ်ဦးပဲ ရှိထားတာပါ။
ဘွန်ကီတွေကြားမှာတော့ ဂွာဒီယိုလာရဲ့ မန်စီးတီးက ချန်ပီယံဖြစ်ရေး ၁၁/၁၀ ရှိထားကာ ၅ ရာသီဆက် ချန်ပီယံ ဆက်ဖြစ်မယ်လို့ ရေပန်းစားနေပါတယ်။ ဒုတိယနေရာမှာ အာဆင်နယ်က ၁၅/၈ ဖြင့် ရှိနေပြီး တတိယနေရာမှာတော့ လီဗာပူးက ၇/၁ ဖြင့် ရပ်တည်နေပါတယ်။
အထက်ပါ သုံးသင်းနောက်မှာ ချယ်ဆီး၊ ယူနိုက်တက်၊ စပါးတို့ကလည်း အစဉ်လိုက် ရပ်တည်နေတာ ဖြစ်ပါတယ်။