ရန်ကုန်မြို့မှာ ဖုန်းဆိုင်နဲ့ အိုင်တီပစ္စည်းဆိုင် အချို့ အရောင်းရပ်ဆိုင်းထား

ဒေါ်လာစျေး တောက်လျှောက် မြင့်တက်နေတာကြောင့် ရန်ကုန်မြို့ရှိ ဖုန်းဆိုင်တချို့နဲ့ အိုင်တီပစ္စည်း အရောင်းဆိုင်တွေ ဒီနေ့ကစပြီး အရောင်းရပ်ထားမှုတွေ ရှိလာပါတယ်။

ဩဂုတ် ၁၃ ရက် ဒီနေ့မှာ အမေရိကန် ၁ ဒေါ်လာကို ပြင်ပပေါက်စျေး ကျပ် ၇၀၀၀ ကျော်အထိ ရောက်ရှိသွားတာကြောင့် ဖုန်းနဲ့ အိုင်တီပစ္စည်းစျေးကွက်မှာလည်း စျေးတန်း ကမောက်ကမတွေ ဖြစ်နေပါတယ်။

ဆိုင်တချို့ဆိုရင် ပုံမှန်ခင်းပြနေကျ ဖုန်းတွေကို ဖြုတ်သိမ်းထားကာ သူတို့ရောင်းပေးနိုင်မယ့်ဖုန်းတွေပဲ ခင်းထားတာမျိုး ရှိလာပါတယ်။ ဖြုတ်သိမ်းထားတဲ့ ဖုန်းတွေကိုတော့ စျေးနူန်းတွေ ပြန်ချိန်ဆနေရတာကြောင့် လက်တလော ရောင်းပေးနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဖုန်းအရောင်းဆိုင်ကြီးတချို့မှာလည်း ဖုန်းအမျိုးအစားအလိုက် မူလဖော်ပြထားတဲ့ စျေးတွေကို ဖျက်ထားပြီး ဒေါ်လာပေါက်စျေးနဲ့ညီမျှတဲ့ စျေးနူန်းတွေ ပြန်ပြင်ရောင်းချတာရှိတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေက ဆိုပါတယ်။

အမေရိကန်ဒေါ်လာစျေးဟာ လွန်ခဲ့တဲ့ရက်ပိုင်းအထိ ၁ ဒေါ်လာကို ကျပ် ၆၀၀၀ နီးပါးရှိရာကနေ ကျပ် ၇၀၀၀ ကျော်အထိ ခုန်တက်သွားတာကြောင့် တခြားကုန်စျေးနူန်းမြင့်တက်မှုတွေပါ ဆက်တိုက်ဖြစ်ပေါ်လာနေတယ်လို့ စျေးကွက်ကနေ သိရပါတယ်။