ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုအတွက် မန်စီးတီးအသင်းသား ၃ ဦး အပြိုင်ဖြစ်နေ
၂၀၂၄ ခုနှစ် PFA အကောင်းဆုံးကစားသမားဆုအတွက် စကာတင်ကစားသမားခြောက်ဦးစာရင်းကို ယနေ့(အင်္ဂါနေ့)မှာ ထုတ်ပြန်ကြေညာရာ မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဖိုဒန်၊ ဟာလန်းနဲ့ ရိုဒရီတို့ ပါဝင်လာခဲ့ပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမား ဖိုဒန်က ပရီးမီးယားလိဂ်ချန်ပီယံတွေအတွက် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ၂၇ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီ PFA အကောင်းဆုံးကစားသမားဆုရှင်ဖြစ်တဲ့ နော်ဝေးတိုက်စစ်မှူးဟာလန်းက ပြီးခဲ့တဲ့ရာသီ၊ ပြိုင်ပွဲစုံသွင်းဂိုး ၃၈ ဂိုးနဲ့အတူ နောက်ထပ်အောင်မြင်တဲ့ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့သလို ရိုဒရီကလည်း မန်စီးတီးအသင်းကွင်းလယ်ပိုင်းအတွက် မရှိမဖြစ်အရေးပါတဲ့ကစားသမားအဖြစ် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။
အခြားစကာတင်ကစားသမားတွေကတော့ ချဲလ်ဆီးကြယ်ပွင့် ကိုးလ်ပယ်လ်မာ၊ အာဆင်နယ်ကပ္ပတိန် အိုဒီဂတ်နဲ့ ဗီလာတိုက်စစ်မှူးဝက်ကင်စ်တို့ ဖြစ်ကြပါတယ်။
PFA အကောင်းဆုံးကစားသမားဆုရှင်ရွေးချယ်ပွဲနဲ့ ဆုချီးမြှင့်ခြင်းအခမ်းအနားကို သြဂုတ် ၂၀ ရက်၊ မန်ချက်စတာမြို့မှာ ကျင်းပသွားပါမယ်။