မြန်မာနိုင်ငံမှ စည်သွပ်ဗူးနှင့် စားသောက်ကုန်ပစ္စည်းများ အရည်အသွေးမပြည့်မီကြောင်း သတိပေးခံရ
အမေရိကန်ပြည်ထောင်စု လက်လီအရောင်းဆိုင်များတွင် ရောင်းချနေသော မြန်မာနိုင်ငံမှ ထုတ်ကုန်အချို့ရဲ့ အရည်အသွေးမပြည့်မီကြောင်း New England Cable News (NECN) သတင်းဌာနက ဖော်ပြလာပါတယ်။
မြန်မာနိုင်ငံမှ အသင့်စား စည်သွပ်ဗူးနှင့် စားသောက်ကုန်ပစ္စည်း အချို့ဟာ အရည်အသွေးမပြည့်မီဘဲ တရားမဝင်တင်သွင်းလာကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန အစားအသောက်ဘေးကင်းရေးနှင့် စစ်ဆေးရေးဌာနက ပြည်သူ့ကျန်းမာရေး သတိပေးချက် ထုတ်ပြန်ခဲ့ရတယ်လို့ အဆိုပါသတင်းမှာ ပါရှိပါတယ်။
သွင်းကုန်လိုင်စင် အမှတ်တံဆိပ်များ မပါဝင်သည့် အရည်အသွေးမပြည့်မီသော စားသောက်ကုန်ပစ္စည်းများကို နိုင်ငံတဝှမ်းရှိ လက်လီဈေးကွက်အတွင်း ရောင်းချထားသည်ကို တွေ့ရကြောင်းနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် ၁၈ မျိုးကို ဆိုင်ပေါ်မှ ဖယ်ရှားရန် နာမည်တကွ ထုတ်ပြန်ထားပါတယ်။

အဆိုပါထုတ်ကုန်များကို ပြည်သူများအနေဖြင့် စားသုံးခြင်းမပြုရန်၊ လက်လီရောင်းချသူများကိုလည်း တရားမဝင် တင်သွင်းလာသော ထုတ်ကုန်များကို မရောင်းချရန် အမေရိကန်တာဝန်ရှိသူများက သတိပေးထားပြီး အဆိုပါပစ္စည်းများ နိုင်ငံအတွင်း မည်သို့ တင်သွင်းလာသည်ကို စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်နေတာဖြစ်ပါတယ်။
