ပျောက်ဆုံးသွားတဲ့ ကွန်ဒို နိုင်ငံခြားအငှားဈေးကွက်နဲ့ အိမ်ပိုင်ဆိုင်ဖို့ ပိုမိုခက်ခဲလာတဲ့ ရန်ကုန်
ရန်ကုန်မြို့ကို နယ်ဒေသတွေကနေ ရွှေ့ပြောင်းနေထိုင်သူဦးရေ များပြားလာတာကြောင့် အိမ်ခြံမြေအငှားဈေးကွက် ပြန်သွက်လာပြီး ငှားရမ်းခတွေလည်း မြင့်တက်လာနေပါတယ်။
ယခုအခါ ဝါတွင်းကာလဖြစ်နေပေမယ့် အငှားဈေးကွက်က တွင်ကျယ်နေသလို ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက်ထဲမှာ ကျပ် (၁၀) သိန်းအောက် တိုက်ခန်းအငှားတွေ ပိုမိုဈေးမြင့်တက်နေပါတယ်။
ကွန်ဒိုနဲ့ လုံးချင်းအိမ် အပါအဝင် ကျပ်သိန်း (၃၀) နဲ့အထက် ကျသင့်တဲ့ ငှားရမ်းမှုတွေကတော့ ဈေးနှုန်းအတက်အကျနည်းပြီး ပုံမှန်အတိုင်းပဲ လည်ပတ်နေပါတယ်။
အချို့သော လုပ်ငန်းတွေ၊ ကုမ္ပဏီတွေနဲ့ ဆိုင်တွေအနေနဲ့ ငှားရမ်းခနှုန်းထားတွေကို လျှော့ချလိုတာကြောင့်လည်း အငှားဈေး သက်သာရာဘက်ကို အပြောင်းအရွှေ့လုပ်ကြရာကနေ အငှားဈေးကွက်တွေ သွက်နေရတာပါ။
ဈေးကွက်ထဲမှာ အကျိုးအမြတ်အများဆုံးရရှိတဲ့ နိုင်ငံခြားအငှားဈေးကွက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပြီး ဒါ့ကြောင့်ပဲ ကျပ်သိန်း ၃၀ နဲ့အထက် တိုက်ခန်း/ကွန်ဒိုအငှားတွေက ဈေးနှုန်းထပ်တက်လို့ မရတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။
တဖက်မှာလည်း အိမ်ရာချေးငွေရရှိဖို့ နှေးကွေးနေတာကြောင့် ဘဏ်နှစ်ရှည် ချေးငွေဖြင့် အိမ်ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေသူတွေဟာ အိမ်အငှားအနေနဲ့ပဲ ဆက်လက်နေထိုင်နေရပြီး ဘဏ်ချေးငွေတွေ မြန်မြန်ဆန်ဆန် ကျလာဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။