အရှေ့တောင်အာရှမှာ ဒုတိယ နေပြည်တော် ဖြစ်လာမလား မှတ်ချက်တွေနေရတဲ့ မြို့တော်သစ်

အင်ဒိုနီးရှားနိုင်ငံရဲ့ ၇၉ နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို မြို့တော်သစ်ဖြစ်လာမယ့် နူဆန်တာရာမှာကျင်းပခဲ့ပါတယ်။ လမ်းနဲ့အဆောက်အဦအချို့ အဆင်သင့်မဖြစ်သေးတာကြောင့် လာမယ့်အောက်တိုဘာလ သမ္မတသစ်ပြောင်းလဲမယ့်အချိန်ထိ ဂျာကာတာက မြို့တော်အဖြစ်ဆက်ရှိနေဦးမှာဖြစ်ပါတယ်။

လူဦးရေ ၁၀ သန်းကျော်နေထိုင်တဲ့ ဂျာကာတာမြို့က ယာဉ်ကြောပိတ်ဆို့မှု၊ လေထုညစ်ညမ်းမှု၊ ငလျင်ကြောမှာတည်ရှိမှုနှင့် ရေအောက်နစ်မြုပ်နေမှု အစရှိတဲ့အကြောင်းတွေကြောင့် မြို့တော်ပြောင်းလဲဖို့ စီစဉ်နေတာနှစ်ပေါင်းများစွာရှိနေပါပြီ။

ဂျာကာတာမြို့က မြေအောက်ရေများအလွန်အကျွံထုတ်ယူသုံးစွဲမှုများကြောင့် ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးမြေအောက်ကို နိမ့်ဆင်းနေတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။ အချို့နေရာတွေမှာဆို တစ်နှစ်ကို ၁၁ လက်မလောက်ထိနိမ့်ဆင်းနေပါတယ်။ ဒီနှုန်းအတိုင်းသာဆို ၂၀၅၀ ပြည့်နှစ်မှာ မြို့ရဲ့ ၃ ပုံ ၁ ပုံက ပင်လယ်ရေအောက်နှစ်မြုပ်သွားမှာဖြစ်ပါတယ်။

၂၀၁၉ မှာတော့ နောက် ၅ နှစ်အကြာ ၂၀၂၄ မှာမြို့တော်သစ်ပြောင်းလဲဖို့ ကြေငြာခဲ့ပါတယ်။ ၂၀၂၂ မှာမြို့တော်သစ်အဖြစ် ဂျာကာတာမှ ကီလိုမီတာ ၁၂၀၀ (၇၄၅ မိုင်) ကွာဝေးတဲ့ နေရာကိုရွေးချယ်ခဲ့ပြီး နူဆန်တာရာလို့ နာမည်ပေးကာ မြို့သစ်တည်ထောင်ရေးလုပ်ငန်းများကို စတင်ခဲ့ပါတယ်။

မြို့တော်သစ်ကို အဆင့် ၅ ဆင့်ခွဲပြီး ဒေါ်လာ ၃၀ ဘီလီယံလောက်ထိ အကုန်ကျခံတည်ဆောက်သွားမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့် အပြီးသတ်ပြောင်းရွှေ့မှုကတော့ လာမယ့် ၂၀၄၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံရဲ့ နှစ် ၁၀၀ ပြည့်လွှတ်လပ်ရေးနေ့မှာသာ ပြီးစီးမှာပါ။

ဘော်နီယိုကျွန်းက မြို့တော်သစ်နူဆန်တာရာကို စိမ်းလန်းတဲ့ သစ်တောမြို့တော်အဖြစ် တည်ဆောက်သွားမှာဖြစ်ပါတယ်။ မြို့ရဲ့ဧရိယာ ၇၀ ရာခိုင်နှုန်းကို သစ်ပင်များဖြင့်ဖုံးလွမ်းထားစေဖို့ ရည်ရွယ်ထားပါတယ်။ ၂၀၆၀ ပြည့်နှစ်မှာ ကာဗွန်ထုတ်လွှတ်မှုလုံးဝမရှိဘဲ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြင့်သာ သုံးစွဲဖို့အထိစီစဉ်ထားပါတယ်။

နူဆန်တာရာကို အရှေ့တောင်အာရှ ဒေသတွင်း မြို့တော်တစ်ခုဖြစ်တဲ့ နေပြည်တော်လိုဘဲ နောက်ထပ်သရဲမြို့အသစ် ဖြစ်လာမလားဆိုတဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။