ရန်ကုန်အစွန်ဘက် မြို့နယ်က တိုက်ခန်းတွေ အရောင်းအဝယ်သွက်ပြီး စျေးမြင့်တက်လာ
ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်၊ ရပ်ကွက်တွေမှာရှိတဲ့ တိုက်ခန်းတွေဟာ လက်ရှိကာလမှာ အရောင်းအဝယ် သွက်နေပြီး စျေးမြင့်လာနေတယ်လို့ အိမ်ခြံမြေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
တိုက်ခန်း အရောင်းအဝယ်တွေရဲ့ အဓိက ဝယ်လက်တွေဟာ နယ်ဘက်တွေကဖြစ်ပြီး ရခိုင်ဘက်ကရော ရှမ်းမြောက်ဘက်ကပါ ဝယ်ယူမှုတွေ ရှိလာတာပါ။ နယ်ဝယ်လက်တွေက လူနေ ရှုပ်ထွေးမှုမရှိဘဲ စျေးသက်သက်သာသာနဲ့ သီးသီးသန့်သန့်ရှိမယ့် မြို့စွန်လိုနေရာတွေကို ပိုမို သဘောကျမှု ရှိကြတယ်လို့ သိရတယ်။
“အခုက နယ်ဘက်ကစစ်ရှောင်လာတဲ့သူတွေပေါ့။ သူတို့ ကလာဝယ်ကြတာများတယ်။ မြို့စွန်မြို့နယ်တွေဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့လိုနေရာတွေက တန်ဖိုးသင့်၊တန်ဖိုးနည်းတိုက်ခန်းတွေဘက်ကို အဝယ်တွေဆင်းလာကြတာများတယ်” လို့ အိမ်ခြံမြေအကျိုးဆောင်တယောက်က ပြောပါတယ်။
ဝယ်လက်တွေ များလာခြင်းကြောင့် ရန်ကုန်မြို့ စွန် မြို့နယ်များ မှာရှိတဲ့ တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းတွေရဲ့ အလွှာအလိုက်စျေးနှုန်းတွေဟာလည်း ကျပ် ၁၀ သိန်း ကနေ ကျပ်သိန်း ၃၀ ၊ ၄၀ ထိ မြင့်တက်လာတာတွေ ရှိတယ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။
လတ်တလော စျေးကွက်အတွင်းမှာတော့ ကြိုပွိုင့်စနစ်နဲ့မဟုတ်ဘဲ စာရွက်စာတမ်းလည်း ခိုင်မာမှုရှိမယ့် ယခင်ဆောက်လုပ်ပြီးသား တိုက်ခန်းတွေသာပိုမိုအရောင်း၊ အဝယ်ဖြစ်နေကြတယ်လို့လည်း စျေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။