ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေ ပေ ၂၀ ကျော် မြင့်တက်နိုင်ကြောင်း ကြိုတင် သတိပေး
ရန်ကုန်မြစ်အတွင်း စက်တင်ဘာက ၃ ရက်ကစပြီး အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ခန့် ထူးကဲဒီရေ တက်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သြဂုတ် ၂၃ ရက် ဒီနေ့မနက်ပိုင်းမှာ အသိပေး ထုတ်ပြန်ပါတယ်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ ထုတ်ပြန်ချက်မှာ ရန်ကုန်မြစ်အတွင်း ခန့်မှန်းဒီရေအမြင့်ဟာ အခြေခံရေစစ်မျဉ်းအထက် အမြင့် ၂၀ ပေ ကျော်လွန်နိုင်တဲ့အတွက် မြစ်ကမ်းနားနေထိုင်သူ ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားကြဖို့ အသိပေးအပ်ကြောင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာတုန်းက ရန်ကုန်မြစ်အတွင်း မြစ်ရေ ပေ ၂၀ ခန့် မြင့်တက်ခဲ့ပေမဲ့ နေအိမ်တွေနစ်မြုပ်တဲ့အထိ မရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြစ်ရေတက်မယ်ဆိုရင် ရန်ကုန်ဘက်အခြမ်းမှာ ကားလမ်းပေါ် ရေတက်တာနဲ့ ဒလ၊ ဆိပ်ကြီးခနောင်တိုဘက်မှ ကမ်းနားပိုင်းရပ်ကွက်တွေ ရေတက်တာလောက်ပဲ ဖြစ်နိုင်ပြီး အိမ်တွေမြုပ်တဲ့အထိတော့ မရှိခဲ့ဘူး။
ဒါပေမဲ့ ထူးကဲဒီရေ မြင့်တက်မှု ရှိလာနိုင်လို့ မြစ်အတွင်း သွားလာနေတဲ့ စက်တပ်သမ္ဗန်တွေအနေနဲ့ ကြံ့ခိုင်မှုကို သတိပြုစစ်ဆေးဖို့ အပါအဝင် သမ္ဗန်စီးရာမှာ အသက်ကယ်အင်္ကျီ Life Jacket ဝတ်ဆင်ဖို့နဲ့ သတ်မှတ်ခရီးသည် ဦးရေထက် ပိုမိုတင်ဆောင်တာတွေ ရှောင်ရှားဖို့ လိုအပ်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်က ဆိပ်ကြီးခနောင်တိုမှ ကြည်မြင့်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းကို မောင်းနှင်လာတဲ့ သမ္ဗန်တစီး တိမ်းမှောက်မှုကြောင့် ကျောင်းသားအရွယ် အပါအဝင် ခရီးသည် ၈ ယောက်အထိ သေဆုံးခဲ့ကြောင်း သိရပါတယ်။