၂၀၂၄ ခုနှစ် ပထမ ၆ လ အတွင်း ကားသစ်အစီးရေ ၂၀၀၀ နီးပါး အရောင်းအဝယ်ဖြစ်

၂၀၂၄ ခုနှစ်အတွင်း ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ၆ လအတွင်း ပြည်တွင်းမှာ ကားသစ်အစီးရေ ၁၉၈၅ စီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ASEAN AUTOMOTIVE FEDERATION က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလမှာ ကားအသစ်အစီးရေ ၂၈၀ ကျော်၊ ဖေဖော်ဝါရီလမှာ ၂၇၀ ကျော်၊ မတ်လမှာ အစီးရေ ၃၃၀ ကျော်၊ ဧပြီလမှာ အစီးရေ ၃၁၀ ကျော်၊ မေလမှာ အစီးရေ ၃၈၀ ကျော် နဲ့ ဇွန်လမှာတော့ အစီးရေ ၃၈၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကာလတူက ပြည်တွင်းမှာ ကားအသစ်အစီးရေ ၁၃၈၀ စီးသာ အရောင်းအဝယ်ဖြစ်ခဲ့တာပါ။ ဒါ့ကြောင့် ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် ကားသစ်အစီးရေ ၆၀၆ စီး ပိုအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇွန်လအတွင်း ပြည်တွင်း ကားထုတ်လုပ်မှုအနေနဲ့ကတော့ ကားအစီးရေ ၁၀၆၈ စီး အထိ ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ထက် အစီးရေ ၈၃၀ ကျော် ပိုထုတ်လုပ်နိုင်ခဲ့တယ်လို့ AAF ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြည်တွင်းမှာ လောင်စာဆီသုံး ICE ယာဉ်အသစ်တွေ ပြည်ပက တင်သွင်းမှု ရပ်ဆိုင်းထားတဲ့အတွက် မော်တော်ယာဉ်အသစ် အရောင်းအဝယ်ဟာ SKD ယာဉ်တွေနဲ့ လျှပ်စစ်ယာဉ် EV တွေသာဖြစ်တယ်လို့ ကားဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တစ်နှစ်လုံးမှာတော့ ပြည်တွင်းမှာ ကားအသစ်အစီးရေ ၃၃၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြည်တွင်းကားထုတ်လုပ်မှုအနေနဲ့က အစီးရေ ၁၄၇၀ ရှိခဲ့ပါတယ်။