၃ ရက်အတွင်း ဗဟိုဘဏ် ဒေါ်လာ သန်း ၁၂၀ ရောင်းထုတ်လို့ အမေရိကန်ဒေါ်လာ ကျဆင်း
အမေရိကန်တဒေါ်လာကို ကျပ် ၇၀၀၀ အထိ ခုန်တက်ပြီးတဲ့နောက်မှာ ဗဟိုဘဏ်ဟာ ဩဂုတ် ၁၉ ရက်နေ့မှာ ဒေါ်လာ ၈၉ သန်းကျော် ထုတ်ရောင်းခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်မှာလည်း ဒေါ်လာ ၃၁ သန်း ထပ်မံရောင်းချခဲ့ပါတယ်။
ဒါကြောင့် ၃ ရက်အတွင်း ဒေါ်လာ သန်း ၁၂၀ ကျော် ထုတ်ရောင်းလိုက်တာ ဖြစ်ပြီး ဩဂုတ် ၁၅ ရက်နေ့တုန်းကလည်း ဒေါ်လာ ၉ သန်းကျော် ရောင်းချခဲ့ပါသေးတယ်။
ဩဂုတ်လအတွင်း ဗဟိုဘဏ်က ရောင်းချခဲ့တဲ့ ဒေါ်လာဈေးတွေကတော့ တဒေါ်လာ ၃,၄၀၀ ကျပ် ဝန်းကျင်ဖြစ်ပါတယ်။ ဗဟိုဘဏ်ဘက်က နိုင်ငံခြားငွေဈေးကွက်ထဲကို ဒေါ်လာ သန်းရာချီ ထုတ်ရောင်းချပေးခဲ့တဲ့နောက် ဗဟိုဘဏ်ပြင်ပ ဈေးကွက်မှာ ဒေါ်လာဈေး ပြန်ကျဆင်းခဲ့ပါတယ်။
ဒီကနေ့ ပြင်ပနိုင်ငံခြားငွေဈေးကွက်ထဲမှာ အမေရိကန် တဒေါ်လာကို ကျပ် ၅,၈၅၀ ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေပြီး ဗဟိုဘဏ် ကြေညာချက်မထွက်ခင် ဩဂုတ် ၁၄ ရက် မနက်က တဒေါ်လာကို ကျပ် ၇,၀၀၀ ဝန်းကျင်ထိ ရှိခဲ့ပါတယ်။