အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင် ၁၀ ဦးကို ကျပ်သန်း ၂၈၀ ချေးငွေ ထုတ်ပေးမည်

MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကနေ လုပ်ငန်းရှင် ၁၀ ဦးကို ချေးငွေ ကျပ်သန်း ၂၈၀ ပထမအကြိမ်အဖြစ် ထုတ်ချေးတော့မှာ ဖြစ်တယ်လို့ MSME ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက သိရပါတယ်။

MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ထောက်ပံ့ငွေ ကျပ် ဘီလီယံ ၁၇၀ ကို ၂၀၂၃ ခုနှစ်ကစလို့ ရန်ပုံငွေစာရင်းမှာ ထည့်သွင်းထားပြီး ဒီထဲက ကျပ်ဘီလီယံ ၁၅၀ ကို MSME ဖွံ့ဖြိုးတိုးတက်ရေးချေးငွေ အဖြစ် ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။

အသေးစား၊ အငယ်စားနဲ့ အလတ်စား MSME လုပ်ငန်းတွေ လိုအပ်တဲ့ ဘဏ္ဍာငွေ ရရှိစေရေးအတွက် အတိုးနည်းတဲ့ ချေးငွေတွေ ထုတ်ပေးနေတာပါ။ MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကနေ MSME လုပ်ငန်းတစ်ခုကို ကျပ်သန်း ၅၀၀ အထိ ချေးငွေ ရရှိနိုင်တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြီးဆုံးခဲ့တဲ့ SME ချေးငွေစီမံကိန်းတစ်ခုမှာတော့ ပထမအဆင့်အနေနဲ့ ကျပ် ၁၂၄ ဘီလီယံကျော်ကို ချေးငွေထုတ်ပေးခဲ့ပြီး ဒုတိယအဆင့်မှာတော့ ကျပ် ၂၆၁ ဘီလီယံကို ထုတ်ချေးခဲ့တယ်လို့ သိရပါတယ်။