ရက်ပိုင်းအတွင်း ၁၀ သန်းကျော်ရောင်းရပြီး စံချိန်တင်နေတဲ့ ဝူခုန်းဂိမ်း
တရုတ်ဗီဒီယိုဂိမ်း Black Myth: Wukong ဟာ ၈၃ နာရီအတွင်း ၁၀ သန်းကျော် ရောင်းချခဲ့ရပြီး ဂိမ်းခွေလောကမှာ အမြန်ဆုံး ၁၀ သန်းပြည့်တဲ့ ဂိမ်းတခုအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့က စတင်ရောင်းချခဲ့တဲ့ ဒီဂိမ်းဟာ သောကြာနေ့မှာ ဒီစံချိန်ကို ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ ဂိမ်းထုတ်လုပ်သူ Game Science က လူမှုကွန်ရက် X မှာရေးသားထားပါတယ်။
တချိန်တည်း ကစားတဲ့ ကစားသမားအရေအတွက်မှာလည်း စံချိန်တင်ခဲ့ပြီး ပီစီနဲ့ Playstation ပလက်ဖာင်းတွေမှာ တပြိုင်တည်း ကစားသူ ၃ သန်းအထိ ရှိတဲ့အချိန်ရှိခဲ့ပါတယ်။
မျောက်မင်းစွန်းဝူခုန်းရဲ့ ဒဏ္ဍာရီကို အခြေတည်ထားတဲ့ action-adventure ဂိမ်းဟာ ပထမနေ့မှာတင် အမြတ်ငွေရခဲ့ပြီး သုံးရက်အတွင်း အသားတင်ဝင်ငွေ ဒေါ်လာ သန်း ၄၅၀ ရတယ်လို့ ခန့်မှန်းထားပါတယ်။
တရုတ်ကုမ္ပဏီတခုက ထုတ်တဲ့ဂိမ်းတွေထဲမှာ ကြီးကြီးမားမား အောင်မြင်မှုရနေခြင်းဖြစ်ကာ ဂိမ်းရဲ့ ရုပ်ထွက်နဲ့ ဇာတ်လမ်း ကောင်းပေမဲ့ gameplay ပိုင်းကတော့ အကောင်းကြီး မဟုတ်လှဘူးလို့လည်း သုံးသပ်ကြတာရှိပါတယ်။