မြန်မာလုပ်သားတွေထဲ ဒီအပတ် ထိုင်းထီ ပထမဆု ဘတ် ၆ သန်းပေါက်သူ နှစ်ဦးထိ ရှိ

စက်တင်ဘာ ၁ ရက်က ထွက်သွားတဲ့ ဆုကြေး ဘတ်ငွေ ၆ သန်းတန် ထိုင်းထီပထမဆု ပေါက်ဂဏန်း ၁၉၉၆၀၆ ကို ထိုင်းနိုင်ငံ အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားဇနီးမောင်နှံက ကံထူးရှင်အဖြစ် ဆွတ်ခူးရရှိသွားပါတယ်။

သူတို့ဇနီးမောင်နှံဟာ မန္တလေးတိုင်း မြင်းခြံခရိုင်ကနေ ထိုင်းနိုင်ငံ နွန်ထပူရီခရိုင် အထည်ချုပ်စက်ရုံမှာ လာလုပ်နေတာ ၈ နှစ်ရှိသွားပြီဖြစ်ပါတယ်။

ထိုင်းထီအမြဲထိုးခဲ့ကြောင်း၊ ဒီတခေါက်မှာလည်း ဘတ် ၁၀၀၀ ဖိုးနဲ့ ထီ ၁၀ စောင်ဝယ်ပြီး ကံစမ်းတာမှာ ၁ စောင်က ပထမဆုပေါက်သွားတာဖြစ်ပါတယ်။

အဆိုပါ မြန်မာလုပ်သားဇနီးမောင်နှံဟာ စက်တင်ဘာ ၂ ရက်နေ့ကပဲ ဆုငွေတွေ အဆင်ပြေပြေ ထုတ်ယူသွားခဲ့ပြီလို့ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ M.H.A.C မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောဆိုသွားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ ဖေ့ချဘွန်ခရိုင်၊ ဝမ်ပို့မြို့တွင် ထိုင်းထီရောင်းသူတဦးဟာလည်း ထီထွက်မယ့်နေ့မှာ လက်ကျန် ထီ ၄ စောင်ကို ရောင်းချရာ တစ်စောင်ဟာ ပထမဆုကြီးဖြစ်ခဲ့ပါတယ်။ အဆိုပါ လက်ကျန် ၁၉၉၆၀၆ နံပါတ်ကို ဝယ်ယူသွားသူက မြန်မာအလုပ်သမား ဖြစ်ကြောင်း ထီရောင်းသူက ထုတ်ဖော်ခဲ့ပါတယ်။