စက်သုံးဆီ စျေးပြန်တက်နေသလို ကားတစ်စီး ကျပ် ၅၀၀၀၀ ဖိုးသာ ဝယ်ယူခွင့်ပြု

စက်သုံးဆီရည်ညွှန်းဈေးဟာ စက်တင်ဘာ ၆ ရက် ဒီနေ့မှာ တလီတာ ကျပ် ၃,၂၀၀ ကျော်အထိ ဈေးထပ်တက်ပြီး ကားတစီးကို ကျပ် ၅၀,၀၀၀ ဖိုးသာ ရောင်းတော့တယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။

စက်တင်ဘာ ၅ ရက်မှာ စက်သုံးဆီရည်ညွှန်းဈေးဟာ 92 Ron တလီတာကို ကျပ် ၃,၁၀၀ ရှိခဲ့ပေမဲ့ ဒီနေ့မှာ ကျပ် ၃,၂၀၀ ကျော်အထိ ရောက်ရှိလာခဲ့ပြီး ကားတစီးကိုလည်း ကျပ် ၅၀,၀၀၀ ဖိုးသာ ရောင်းချပေးတော့တာလို့ သိရတယ်။

Denko ဆီဆိုင်မှ ဘောက်ဆာယာဉ်မောင်းတယောက်က “သီလဝါမှာက ဆီရှိတယ်။ လုပ်ငန်းရှင် တွေကို ဒေါ်လာရောင်းမပေးတော့ ဆီကို ထိန်းပြီး ပြန်ရောင်းနေတာ။ ဒေါ်လာရောင်းပေးတဲ့အချိန်မှ ဆီပြန်ဝယ်နိုင်ဖို့ လက်ကျန်ဆီနဲ့ ရောင်းပေးနေပါတယ်ပေါ့။ လုပ်ငန်းလည်ပတ်နိုင်အောင်ရယ်၊ အရင်လို တိုးကြိတ်ပြီး တန်းစီရတာမျိုးတွေ မဖြစ်အောင် လုပ်နေရတဲ့သဘောပဲ” လို့ ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ စက်သုံးဆီစျေးနှုန်းတွေကတော့ 92 ဓာတ်ဆီတလီတာကို ငွေကျပ် ၃,၂၁၅ ကျပ်၊ 95 ဓာတ်ဆီတလီတာကို ကျပ် ၃,၃၅၅ ကျပ် ပေါက်စျေးရှိပြီး ရိုးရိုးဒီဇယ် တလီတာကို ကျပ် ၂,၇၁၀ နဲ့ ပရီမီယံဒီဇယ် တလီတာကို ကျပ် ၃,၃၉၅ အထိ ရှိလာပြီဖြစ်ပါတယ်။